ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများဖြစ်သည့် ပြည်သူ့ရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့သည် ပြည်သူထဲမှပြည်သူများဖြစ်သည့် အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်များ၏ အရေးကိစ္စရပ်များနှင့်စပ်လျည်း၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (အင်္ဂါနေ့)၊ နေ့လယ် ၁၂၃၀ နာရီ အချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် တွေဆုံဆွေနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ကော်မတီများ တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်းနှင့် အတွင်းရေးမှူးများ၊ တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူတို့၏အရေးကိစ္စရပ်များဖြစ်သည့် CDM များ၊ စစ်ဘေးရှောင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပြည်သူများ၏ မီးဖွားမှု၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲများနှင့် စပ်လျဉ်း၍ ကူညီဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့အနေဖြင့် တာဝန်များခွဲဝေသတ်မှတ်ခြင်း၊ အတူလက်တွဲညှိနှိုင်းဆောင်ရွက်သွားကြမည့် ကိစ္စရပ်များဖော်ဆောင်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မည့်အချက်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
