Home / အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီနှင့် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်တို့သည် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီနှင့် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်တို့သည် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) နှင့်တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များတွင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဒုတိယအကြိမ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများ၊  ရေးရာကော်မတီများ၊ ပြင်ပအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များနှင့်ချိတ်ဆက်၍ အမှန်တကယ် အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်များနှင့်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နိုင်ငံရေးအကျဥ်းသားများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်နေမှုများ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများအပေါ် သုံးသပ်ဆွေးနွေးနေမှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ တာဝန်ရှိသူများက ကွန်ရက်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မသန်စွမ်းသူများအခွင့်အရေးဥပဒေ ဆွေးနွေးမှုလုပ်ငန်းများ၊ တော်လှန်ရေးအတွက် မြေပြင်တွင် ဖြတ်သန်းနေရသော အမျိုးသမီးများ၏ အခက်အခဲများနှင့်စိန်ခေါ်မှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းများ၊ နိုင်ငံတကာဖိုရမ်များသို့ တက်ရောက်၍ ပူးပေါင်းချိတ်ဆက်မှုများ ပြုလုပ်နိုင်ရန်နှင့် အချင်းချင်းအကြားတွင် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်ကြရန် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းပြောကြားခဲ့ကြသည်။

အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top