CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပညာရေးကော်မတီအား ဖွဲ့စည်းနိုင်ရေးနှင့် ဖွဲ့စည်းရာတွင် ပညာရှင်များနှင့် CDM များပါဝင်ဖွဲ့စည်းနိုင်ရေး၊ လက်ရှိမြေပြင်တွင် စာသင်ကြားပေးနေကြသော ပညာရေးဝန်ထမ်းများအတွက် လစဥ်ချီးမြှင့်ငွေပေးအပ်နိုင်ရေးနှင့် ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်နိုင်ရေးတို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံခြင်းအား ၁၅၄၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသည် တနင်္သာရီတိုင်းဒေသကြီးတွင် မြေပြင်ပညာရေးကဏ္ဍအား ဖော် ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


