CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ CDM မူဝါဒအပေါ် သဘောထားများ၊ CDM ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ချီးမြှင့်နေမှုနှင့် ကျန်းမာရေးအတွက် အရေးပေါ်အကူအညီထောက်ပံ့ပေးရေး၊ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများနှင့် ကျဆုံးသွားသည့် ဆရာ၊ ဆရာများအတွက် အကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံပွဲသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများအား နားထောင်၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



