Home / ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပညာရေးကော်မတီ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ ၁၃၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိတွင် CDM မဟုတ်သော Volunteer ဆရာ၊ ဆရာမများအဖြစ် ပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များအတွက် တော်လှန်ရေးအလွန်ကာလတွင် ရရှိနိုင်မည့်အခွင့်အရေးများ၊ CDMer များအတွက် အထောက်အပံ့များနှင့် မြေပြင်အထောက်အပံ့များ ပုံမှန်ရရှိနိုင်ရေး၊ CDM မူဝါဒအား ခိုင်မာသည့်ဥပဒေတစ်ရပ်အဖြစ် အကောင်အထည်ပေါ်လာရေး၊ အခြား လိုအပ်သည့်မူဝါဒများလည်း ချမှတ်ပေးနိုင်ရေးတို့အား ဆွေးနွေးတင်ပြကြရာ ပညာရေးကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ၁၆၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ယခုတွေ့ဆုံပွဲသည် မကွေးတိုင်းဒေသကြီးတွင် မြေပြင်ပညာရေးကဏ္ဍအား ဖော်ဆောင်နေကြသည့် ပညာရေးဘုတ်အဖွဲ့များ၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်လိုသည်များအား နားထောင်၍ ချိတ်ဆက်ပေးနိုင်မည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပညာရေးကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top