ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပြည်သူ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးပွဲအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေ(၁၅:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ ဦးဇေလတ်က နွေဦးတော်လှန် ရေးအောင်မြင်စေရန် ကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့လုံခြုံရေးကဏ္ဍအတွက် ပိုမိုချိတ်ဆက်လုပ်ဆောင်သွားနိုင်ရန် အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝန်ကြီးဌာန၏တာဝန်ရှိသူများက မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက မြေပြင်အခြေအနေများနှင့်စပ်လျဥ်း၍ တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဆိုင်ရာကိစ္စရပ်များအပေါ် မေးခွန်းများ မေးမြန်းခြင်းနှင့် ဝန်ကြီးဌာနနှင့် ဟန်ချက်ညီစွာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သင့်သည်များကို ပိုမိုဆောင်ရွက်သွားနိုင်ရန် အကြံပြုပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲအား (၁၇:၀၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်း၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
