Home / စစ်ရာဇဝတ်မှုများနှင့်စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲမှတာဝန်ရှိသူများနှင့် CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

စစ်ရာဇဝတ်မှုများနှင့်စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲမှတာဝန်ရှိသူများနှင့် CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများနှင့် စစ်ရာဇဝတ်မှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးပွဲအား ၂၅.၁.၂၀၂၃ ရက်နေ့၊ ၁၅၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ၊ အတွင်းရေးမှူး ဦးနေမျိုးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပြီး လွှတ်တော်ကဏ္ဍအနေဖြင့် ကော်မတီသည် လိုအပ်သော လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ကြီးဌာနနှင့်ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများက ဌာန၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကော်မတီဝင် များက မေးမြန်းဆွေးနွေးသော ကသုံးလုံး ဒေသအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အရပ်ဖက်တရားရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး (Transitional Justice)  အတွက် လိုအပ်သော ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခြား EROs များ၏ စစ်ဖက်ဆိုင်ရာဥပဒေများနှင့် ကွာခြားမှု ရှိ၊ မရှိ စသည့် သိရှိလိုသည့် လုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ရာ စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများက ပြည့်စုံစွာ ရှင်းလင်း ဖြေကြား၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲမှ ဌာနမှူး၊ တာဝန်ရှိသူများနှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ၁၆၀၀ နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top