Home / လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများအတွက် မြေပြင်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများအတွက် မြေပြင်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများအတွက် မြေပြင်လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၁၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြည်သူ့ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က စစ်ကောင်စီ၏ ပိုက်စိပ်တိုက်ဖျက်ဆီးမှုများ များပြားလာသည်နှင့်အမျှ အထိအခိုက်အများဆုံးဒေသများတွင် မြေပြင်လိုအပ်ချက်များနှင့်စပ်လျဥ်း၍ အရေးပေါ်ဆောင်ရွက်ကူညီနေမှုများကို အကောင်းဆုံး နည်းလမ်းများဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးဆောင်ရွက်လို၍ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် မြေပြင်ထောက်ပံ့မှုများကို စီမံချက်များအလိုက် ဆောင်ရွက်လျက်ရှိပြီး အခက်အခဲများစွာရှိသော်လည်း ပြည်တွင်းအလှူရှင်များသာမက ပြည်ပမှအဖွဲ့အစည်းများ၊ အလှူရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိ၍ အလားအလာကောင်းများစွာရှိကြောင်း၊ အားမလျှော့ဘဲ ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်နေပြီး အချင်းချင်းမျှဝေ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း က မြေပြင်ထောက်ပံ့မှုများ ပိုမိုထိရောက်ရန် နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဝန်ကြီးဌာနက အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးလျက်ရှိပြီး ရှေ့ဆက်ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်သူ့ရေးရာကော်မတီဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပြည်သူများ၏ လက်ရှိမြေပြင်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ အခြေအနေများနှင့်စပ်လျဥ်း၍ ဆွေးနွေးမေးမြန်းရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများက ကူညီဆောင်ရွက်ထားရှိမှု၊ အကောင်အထည်ဖော်မှုများအား ရှင်းလင်းပြောကြားကာ အစည်းအဝေးကို (၁၂၄၅) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် အခြားနယ်မြေတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top