စစ်ဘေးရှောင်ပြည်သူများနှင့် CDM များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမားများ စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စများနှင့်စပ်လျဥ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတွင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ၁-၃-၂၀၂၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက နှုတ်ခွန်းဆက်စကားပြောကြားကာ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လုပ်ငန်းအလိုက် အသေးစိတ် ရှင်းလင်းပြောကြား၍ ကျေးလက်ဒေသစီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်သမားအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ International Labour Standard ဆိုင်ရာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် Forced labour တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ SME လုပ်ငန်းများအတွက် ချေးငွေချပေးခြင်း ကိစ္စများအား ပွင့်လင်းမြင်သာမှုရှိစွာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအတွက် ဆက်လက်ချိတ်ဆက် လုပ်ဆောင်နိုင်ရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ရုံးအဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


