ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး က အခွန်ခွဲဝေသုံးစွဲခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ဝန်ကြီးဌာန၏ အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် NUCC ရေးရာကော်မတီတို့က လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီး တင်ပြခဲ့ကြပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီက စစ်ဒဏ်ကို ရေရှည်ခံစားနေရသည့် ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာအားပေးမှုနှင့် မူဝါဒပိုင်းအရ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် တင်ပြခဲ့ပြီး အစည်းအဝေးအား ၂၂၁၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးနှင့် အမြဲတမ်းအတွင်းဝန် ဦးအောင်မင်းတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


