Home / NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်

NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများဖြစ်သည့် ပြည်သူ့ရေးရာ ကော်မတီ၊ ဘဏ္ဍာရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီတို့သည် NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် တွေ့ဆုံ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (အင်္ဂါနေ့)၊ (၁၃၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများမှ Budget Proposal တွင် ပါဝင်ရေးဆွဲထားသည့် ခေါင်းစဥ်များ၊ ရေးဆွဲထားသည့် မူဝါဒများအား ရှင်းလင်းတင်ပြကာ ဝန်ကြီးဌာနများက စီစဥ်ရေးဆွဲနေသည့် လုပ်ငန်းစဥ်များနှင့်လည်း ကိုက်ညီမှုရှိစေရန်နှင့် လစ်လပ်မှုမရှိစေရန်တို့အတွက် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စီမံချက်များရေးဆွဲရာတွင် Project Management များကို ဆက်သွယ်ပေါင်းစပ်ရေးဆွဲကြရန်၊ CRPH ရေးရာကော်မတီများနှင့် မိမိတို့ဝန်ကြီးဌာနများမှ မြေပြင်တွင် ဆောင်ရွက်နေသူများအနေဖြင့် ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်းညှိနှိုင်း အကောင်အထည် ဖော်ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက အစိုးရ၊ လွှတ်တော်နှင့်တရားရေးတို့ ဟန်ချက်ညီညီ အလုပ်လုပ်ရမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနများမှ ချမှတ်ထားသည့် မူဝါဒများကို မြေပြင်တွင် လွှမ်းမိုးမှုရှိနိုင်စေရေး၊ ပြည်သူများအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကုန်ကျမှုအနည်းဆုံးဖြင့် မြန်ဆန်စွာ မြေပြင်သို့ ရောက်ရှိစေရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက ဆက်လက်ချိတ်ဆက်လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းကာ အစည်းအဝေးကို (၁၅၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့ရေးရာကော်မတီ၊ ဘဏ္ဍာရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနများမှ အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top