Home / အလုပ်သမားရေးရာကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

အလုပ်သမားရေးရာကော်မတီနှင့် အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖမ်းဆီးခံမြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်သည့်ကိစ္စရပ်များ၊ စစ်ကောင်စီအား Article 33 အရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် အလုပ်သမားရေးရာကိစ္စများနှင့်စပ်လျဥ်း၍ ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်များက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံနယ်စပ်အတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိစ္စ၊ ILO Article 33 ဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေးနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေး‌မေးမြန်းခဲ့ကြပြီး အလုပ်သမားဝန်ကြီးဌာနအ‌နေဖြင့် ဆောင်ရွက်ပြီး‌နှင့် ဆောင်ရွက်ဆဲ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့သည်။

ကော်မတီနှင့် ဝန်ကြီးဌာနတို့အနေဖြင့် အလုပ်သမားအရေးကိစ္စများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များအား   ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အစည်းအဝေးအား ၁၇:၅၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top