Home / ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုဖြင့် ဆန့်ကျင်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသောမိသားစုများအား ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးခံကြရသော ပြည်သူများအား ဥပဒေအရ အကူအညီပေးနိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။

ပြည်သူ့ရေးရာကော်မတီသည် ကူညီထောက်ပံ့မှုအနေဖြင့် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၏ မီးဖွားစရိတ်၊ အရေးပေါ်ဆေးကုသစရိတ်နှင့် အိမ်ခန်းနေရာရွှေ့ပြောင်းရခြင်း၊ CDM ဝန်ထမ်းကိုသာ မှီခိုနေရ၍ စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နေအိမ်မီးရှို့ခံရခြင်းများအတွက် အရေးပေါ်ထောက်ပံ့မှုများကို ပြုလုပ်လျက်ရှိပါသည်။ သို့သော် မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်များကို ပထမဦးစားပေးအဖြစ် ထောက်ပံ့ပေးလျက်ရှိပြီး ကော်မတီအနေဖြင့် ပံ့ပိုးကူညီရန် ဘဏ္ဍာငွေအခက်အခဲရှိခဲ့ပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ချိတ်ဆက်၍ ထောက်ပံ့မှုများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကျန်းမာရေး၊ မီးဖွား၊ စားဝတ်နေရေး၊ နေအိမ်ရွှေ့ပြောင်း၊ နေအိမ်မီးရှို့ခံ၊ ဖမ်းဆီးခံနှင့် ကွယ်လွန် စသည့် ကဏ္ဍအလိုက် ကူညီပံ့ပိုးမှုများကို CDM ဝန်ထမ်းပေါင်း (၁၆၂၄) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့ပါသည်။

ကော်မတီသည် နိုင်ငံတကာမှ လှူဒါန်းငွေများ၊ Ahlushin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသည့် CDMer များ၏ အရေးပေါ်ကိစ္စရပ်များအား ကူညီပံ့ပိုးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း အောက်ပါလင့်ခ်များမှတစ်ဆင့် Ahlushin App အား Installed ပြုလုပ်ကာ ကလစ်ခြင်းနှင့် Spring Legends YouTube Channel မှ ဗီဒီယိုများအား ကြည့်ရှုပေးခြင်းဖြင့် CDMer သူရဲကောင်းများအတွက် ပါဝင်ကူညီနိုင်ပါသည်။

Ahlushin Application

iOS Version Link

https://apps.apple.com/ph/app/ahlu-shin/id1629192579

Play Store Link

https://play.google.com/store/apps/details?id=com.cdmsupport.ahlushin

Direct Link

https://bit.ly/3oDwRfI

Spring Legends YouTube Channel

https://www.youtube.com/@springlegends7763

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top