(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ)
နိဒါန်း
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ချမှတ်ထားသော ရည်မှန်းချက်များ နှင့်အညီ နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး အားကောင်း စေရေးတို့အတွက် နိုင်ငံတကာဆက်ဆံရေးကော်မတီသည် အဓိက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလတွင် တော်လှန်ရေးကို ပိုမိုထိရောက်စေသော ပံ့ပိုးကူညီမှုများ ရရှိရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကော်မတီအနေဖြင့် အဓိကဦးစားပေးကဏ္ဍများအဖြစ် အောက်ပါတို့ကို သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်-
(က) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များကို ပိုမိုသိရှိစေရေး၊ ပူးပေါင်းဆောင်ရွက်ပေးရေးနှင့် တရားဝင်မှုကို မြှင့်တင်နိုင်ရေး၊
(ခ) အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုသိရှိစေရေးနှင့် နိုင်ငံတကာဖိအားတိုးမြှင့်စေရေး၊ အတုအယောင်ရွေးကောက်ပွဲ အပေါ် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရေးနှင့် ယင်းရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြုမှု မရှိစေရေး၊
(ဂ) နိုင်ငံအတွင်းနှင့် နယ်စပ်ဒေသများအတွင်း ကြီးထွားနေသည့် အွန်လိုင်းငွေလိမ် လုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းက ပိုမိုသိရှိစေရေး၊ ယင်းရာဇဝတ် ငွေလိမ် လုပ်ငန်းများ အဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများက ပိုမိုအာရုံစိုက်လာစေရေး နှင့် ဖိအားပေးလုပ်ဆောင်လာစေရေး၊
(ဃ) နိုင်ငံတကာအသိုက်အဝန်းထံမှ အတူရပ်တည်ပေးမှု၊ ထုတ်ဖော် ပြောကြားပေးမှု နှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ အပါအဝင် တော်လှန်ရေး အင်အားစုများထံသို့ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေး။
၂။ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မှုရှိစေရန် နိုင်ငံတကာနှင့် ဒေသတွင်းလွှတ်တော်ဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ တိုက်ရိုက်စာပေးပို့ခြင်းနှင့် နိုင်ငံတကာနေ့ထူးနေ့မြတ်များတွင် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းတို့ဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုများ၊ မြေပြင် သတင်းအချက်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရပ်တည်ချက်နှင့် သဘောထားများ ပိုမိုသိရှိစေခြင်း၊ နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းချက်များကို အစဉ်တစ်စိုက် လုပ်ဆောင်ခဲ့ပါသည်။
ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခြင်း
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း၍လည်းကောင်း၊ ကိုယ်စားလှယ်တစ်ဦးချင်းဖြင့် လည်းကောင်း ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများ၊ ဆွေးနွေးပွဲများသို့ တက်ရောက် ခဲ့ပါသည် –
(က)၁၃-၂-၂၀၂၅ ရက်မှ ၁၄-၂-၂၀၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ “ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့် တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တို့ ပါဝင် တက်ရောက်ခဲ့ပါသည်။
(ခ) (၆၉) ကြိမ်မြောက် အမျိုးသမီးရေးရာကော်မရှင် အစည်းအဝေးကာလအတွင်း ဆက်စပ်အစည်းအဝေးအဖြစ် ၁၉-၃-၂၀၂၅ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ International IDEA က စီစဉ်ကျင်းပသည့် “မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်း တွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲ” သို့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တက်ရောက်ခဲ့ပါသည်။
(ဂ) ၁၁-၃-၂၀၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ကုလသမဂ္ဂ အမျိုးသမီး အဖွဲ့ (UN Women) တို့က ပူးပေါင်းကျင်းပခဲ့သည့် “Parliaments and Beijing +30: Resisting the Backlash and Shifting Paradigms Towards Gender Equality” လွှတ်တော်အစည်းအဝေးသို့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း သွားရောက်တက်ရောက် ခဲ့ပါသည်။
(ဃ) ၂၂-၃-၂၀၂၅ ရက်နေ့မှ ၂၃-၃-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော်၌ ထိုင်းနိုင်ငံအောက်လွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာမဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်း ကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (APHR) တို့က ကြီးမှူးကျင်းပခဲ့သည့် “ထိုင်းနိုင်ငံ၏ နယ်စပ် တစ်လျှောက်၌ လုံခြုံရေးမြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြ သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက် တို့ တက်ရောက်ခဲ့ပါသည်။
(င) ၂၈-၄-၂၀၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ အမေရိကန် အောက်လွှတ်တော်၌ Burma Research Institute (BRI) က ကြီးမှူးကျင်းပသည့် “Burma: Humanitarian Crisis and Violation of Religious Freedom and Human Rights” လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
(စ) ၂၂-၇-၂၀၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က “Gender equality and health: fast forwarding progress” ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့သည့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့် နိုင်ငံရေးဖိုရမ် သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်ဖြူဖြူလွင်နှင့် ဒေါ်မြမျိုးအေးတို့ ပါဝင်တက်ခဲ့သည်။
(ဆ) ၂၅-၁၁-၂၀၂၅ ရက်မှ ၃၀-၁၁-၂၀၂၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့၌ အင်ဒိုနီးရှားအစိုးရ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက စီစဉ်ကျင်းပသည့် “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေး ဖြစ်စဉ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင် ဦးစည်သူမောင် ပါဝင်တက်ရောက်ခဲ့ပါသည်။
(ဇ)၃၁-၁၁-၂၀၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ကြီးမှူး ကျင်းပသည့် “မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်” သို့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ ကော်မတီအဖွဲ့ဝင် ဦးစည်သူမောင်နှင့် အခြား ကော်မတီအဖွဲ့ဝင် (၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။
(ဈ) ၅-၁၂-၂၀၂၅ ရက်မှ ၈-၁၂-၂၀၂၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပသည့် “(၇)ကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR)၏ အဖွဲ့ဝင်များဖိုရမ်” သို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင် ဦးစည်သူမောင်နှင့် အဖွဲ့ဝင် (၁) ဦးတို့ သွားရောက်တက်ရောက် ခဲ့ပါသည်။
(ည)၁၆-၁၂-၂၀၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ အမေရိကန် အောက်လွှတ်တော်၌ Burma Research Institute (BRI) က ကြီးမှူးကျင်းပသည့် “U.S. Policy on Burma: Opportunities and Challenges” လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုများ
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံတကာအစိုးရ ကိုယ်စားလှယ် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ မြန်မာ့ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့အရေးအပေါ် ကူညီမှုများ ပြုလုပ် ပေးရန် တိုက်တွန်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်နိုင်ရေးတို့ကို အဆိုပြုတင်သွင်း ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့တွေ့ဆုံမှုများတွင် တစ်ဖက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ၏ လုံခြုံရေးအရ အောက်ပါတွေ့ဆုံမှုများကို ဖော်ပြအပ်ပါသည် –
(က)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များသည် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ၁၃-၂-၂၀၂၅ ရက်နေ့တွင် ကုလ သမဂ္ဂဆိုင်ရာ မလေးရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. Ahmed Faisal Muhamad နှင့် ကုလသမဂ္ဂဆိုင်ရာ ကနေဒါနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Bob Rae အား အမေရိကန်၊ နယူးယောက်မြို့၌ တွေ့ဆုံခဲ့ပါသည်။
(ခ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့် သည် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးစည်သူမောင်၊ ဦးအာကာမျိုး ထက်တို့နှင့်အတူ ၂၆-၂-၂၀၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Mr. Charles Santigo တို့အား တွေ့ဆုံခဲ့ပါသည်။
(ဂ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် သည် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် အတူ ၁၉-၄-၂၀၂၅ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှနှင့် အာဆီယံရေးရာ Deputy Assistance Secretary ဖြစ်သူ Andrew R. Herrup နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။
(ဃ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီဝင်များသည် အီတလီအထက်လွှတ်တော်အမတ် Mrs. Albertina Soliani နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တွေ့ဆုံခဲ့ပါသည်။
(င )ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များသည် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ၂၂-၇-၂၀၂၅ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မလေးရှား နိုင်ငံအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး H.E. Mr. Ahmed Faisal Muhamad အား အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ တွေ့ဆုံခဲ့ပါသည်။
(စ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် သည် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Chris Van Hollen၊ အောက်လွှတ်တော် ကိုယ်စားလှယ် Ms. Young Kim၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအကြံပေး Mr. Andrew Herrup တို့နှင့် တွေ့ဆုံခဲ့သည်။
(ဆ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် သည် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်တို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တို့တွင် အမေရိကန်အောက်လွှတ်တော် အမတ် Mr. Gregory Weldon Meeks နှင့် တွေ့ဆုံခဲ့သည်။
နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ ဆက်လက်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းဆောင်ရွက်ချက်
၅။ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ၂၀၂၀ ပြည့်နှစ်၊ လွှတ်တော်ကိုယ်စားလှယ်များအား ဆက်လက်အသိအမှတ်ပြုမှုရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပ ခဲ့သည့် အောက်ပါညီလာခံများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်၍ ဆောင်ရွက်ခဲ့ပါသည်-
(က) ၅-၄-၂၀၂၅ ရက်နေ့မှ ၉-၄-၂၀၂၅ ရက်နေ့အထိ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ကျင်းပခဲ့သည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
(ခ) ၁၉-၁၀-၂၀၂၅ ရက်နေ့မှ ၂၃-၁၀-၂၀၂၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ နိုင်ငံရေးအရ အရေးကြီးသည့် အချိန်ဖြစ်သည် နှင့်အညီ ကိုယ်စားလှယ်အဖွဲ့ဝင်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာနှင့် အခြား(၁) ဦး၊ ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူးများအဖြစ် NUG ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်နန်းစုမွန်အောင်နှင့် ဒေါက်တာ သက်ကိုကိုတို့ ပါဝင်ဖွဲ့စည်း စေလွှတ်ခဲ့ပါသည်။
၆။ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်ထောက်ခံ အားပေးစေရေး အတွက်ဆောင်ရွက်ခဲ့ပြီး ညီလာခံများတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကမိတ်ဖက် ဆွေးနွေးဖက်လွှတ်တော်အဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးအား မြှင့်တင်နိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု ပဋိပက္ခအား ဖြေရှင်း နိုင်ရေးတွင် လွှတ်တော်ကဏ္ဍက တိုးမြှင့်ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လျက် “Parliamentary Diplomacy to Promote Peace and Address the Humanitarian Crisis in Myanmar” ခေါင်းစဉ်ဖြင့် အရေးကြီးအဆို (Emergency Item) အဖြစ် တင်သွင်းခဲ့သည်။ သို့ရာတွင် မြန်မာနှင့် သက်ဆိုင်သည့် အဆိုအပါအဝင် Emergency Item (၃) ခုအား သက်ဆိုင်ရာ နိုင်ငံများက တင်သွင်းခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် သတ်မှတ် ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသဖြင့် ဆက်လက်ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာ့အရေး အဆိုသည် မဲအများဆုံးရရှိခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယင်းအဆို အား တင်သွင်းနိုင်ရေးနှင့် ထောက်ခံမှုရရှိနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၇။ ထို့ပြင် ညီလာခံ (၂) ရပ်စလုံးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် ချမှတ်ရာ တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား ချက်ချင်းလွှတ်ပေးရန်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ရုပ်ပိုင်းနှင့် ဥပဒေပိုင်းအရ အရေးယူနေမှုများ ရပ်တန့်ပေးရန်၊ IPU အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအား ကျူးလွန်လုပ်ဆောင်မှု အတွက် တာဝန်ရှိသည့် မည့်သူကိုမဆို နိုင်ငံတကာတရားစီရင်ရေး စည်းမျဉ်းအရ အရေးယူ ပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ တိုက်တွန်းပေးရန်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်များအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရွေးကောက်ခံ ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်းပြသရန် အမှုဆောင်ကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက်ချမှတ်၍ တိုက်တွန်းခဲ့ပါသည်။
၈။ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန်တွင် လည်းကောင်း၊ မိန့်ခွန်းများပြောကြားရာတွင်လည်းကောင်း အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်ပေးရေး၊ ထုတ်ပြန်ချက်၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် ခိုင်မာသော ရပ်တည်ချက်ကို ပြသပေးရေး၊ အကြမ်းဖက်စစ်အုပ်စုအတွက် အကျိုးအမြတ် ရရှိနေသော အွန်လိုင်းငွေလိမ်လုပ်ငန်းများ မြန်မာနယ်စပ်များတွင် ကြီးထွားနေမှုများ၊ အကြမ်းဖက်စစ်အုပ်စု ဆက်လက်အာဏာချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေခြင်းသည် ယင်းတရားမဝင် ငွေလိမ်လုပ်ငန်းများ အဆုံးသတ်နိုင်ရေး ကြိုးပမ်းချက်သည် မအောင်မြင်နိုင်ကြောင်း၊ ယင်းလုပ်ငန်းများကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပြည်သူများ၊ နိုင်ငံများ၏ အမျိုးသား အကျိုးစီးပွားနှင့် လုံခြုံရေးကို ထင်ထင်ရှားရှား ခြိမ်းခြောက်နေကြောင်း မီးမောင်းထိုး တင်ပြခဲ့ပါသည်။
အခြားသော နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ
၉။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်လွှတ်တော်အမတ်များနှင့် (၃) ကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကူညီဖြေရှင်းခြင်းတွင် အမေရိကန်လွှတ်တော်အမတ်များအတွက် အထောက် အကူဖြစ်စေရန် မြန်မာ့အရေးအခြေအနေ အချက်အလက်များ၊ ကူညီလုပ်ဆောင်ပေးစေလို သည့် တိုက်တွန်းချက်များပါဝင်သည့် လက်ကမ်းစာစောင်ကို ပေးအပ်ခဲ့ပါသည်။ မြန်မာပြည် တွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများဆိုင်ရာ အချက်အလက်များနှင့် ယင်းလုပ်ငန်းများ ဖျက်သိမ်းနိုင်ရေးအတွက် အရေးကြီးမှုများကိုလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထောက်ပြခဲ့ပါသည်။ အလားတူ နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်များ (အထူးသဖြင့် လေဘာပါတီမှ ကိုယ်စားလှယ်များ) နှင့်လည်း စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ၍ မြန်မာ့အရေးအပေါ် ကမ္ဘာတစ်ဝှမ်းက ပိုမို အာရုံစိုက်လာရေး၊ နယူးဇီလန်အစိုးရ၏ အကူအညီများ တိုးမြှင့်ရရှိရေးတို့ကို ဆောင်ရွက်ခဲ့ပါ သည်။ ထို့ပြင် ဥရောပပါလီမန်၊ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥရောပနိုင်ငံ အချို့ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ပုံမှန်ထိတွေ့ဆက်ဆံ၍ ၎င်းတို့ လွှတ်တော် များဘက်မှ ဖြစ်စေ၊ တစ်ဦးချင်းထံမှ ဖြစ်စေ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနှင့် ရလဒ်ကို လက်မခံမှုအား ပိုမိုထုတ်ဖော်ပြောကြားပေးရန်၊ ထုတ်ပြန်ချက်၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်တို့ အလေးပေးတိုက်တွန်းမှုများ ပြုလုပ်ခဲ့ပါသည်။
နိဂုံး
၁၀။ နိဂုံးချုပ်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုထားသည့် တရားဝင်လွှတ်တော်အဖွဲ့အစည်း ဖြစ်သည်နှင့် အညီ အခက်အခဲ၊ အကန့်အသတ်၊ အတားအဆီးများကြားမှ ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက်များနှင့်အညီ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါသည်။ အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအရ ပေါ်ပေါက်လာသည့် တရားမဝင် အစိုးရအား နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုမှုမရှိစေရေး၊ ရာဇဝတ်ကွန်ရက်များ ဖြစ်သည့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဆုံးသတ်နိုင်ရေး၊ မိမိတို့နိုင်ငံ ၌ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဆိုးရွားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ကျောထောက်နောက်ခံ အားပေးနေသူများကို ထိုက်တန်သော အရေးယူမှု ပြုလုပ်နိုင်ရေးအပါအဝင် ငြိမ်းချမ်းသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံတကာ အသိုက်အဝန်းထံမှ လက်တွေ့ကျပြီး ပိုမိုထိရောက်သော အကူအညီများ ဆက်လက်ရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါသည်။


