(၆၉) ကြိမ်မြောက် အမျိုးသမီးရေးရာကော်မရှင် အစည်းအဝေးကာလအတွင်း Side Event အဖြစ် ၁၉-၃-၂၀၂၅ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ International IDEA က စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ အနေဖြင့် အာဏာသိမ်းမှုမတိုင်မီကာလနှင့် လက်ရှိတော်လှန်ရေးကာလတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၊ စစ်ရှောင်ပြည်သူများကို ကူညီခြင်း၊ နိုင်ငံတကာသိမြင်မှု ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းတို့တွင် ရွေးကောက်ခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပါဝင်ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာ့အရေးအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များ၊ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထိရောက်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ရရှိနိုင်ရေး၊ မြန်မာပြည်သူများက ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့တွင် ထိရောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးတို့အတွက် နိုင်ငံတကာသို့ တိုက်တွန်းအသိပေးမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
International IDEA သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရက်တစ်အဖွဲ့အစည်းများ အားကောင်းစေရေးတို့တွင် မိမိတို့နှင့် လက်တွဲကြိုးပမ်းလျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





