နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Madam Dr. Tulia Ackson နှင့် အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong တို့က အင်အားကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံသို့ ပေးပို့ခဲ့ပါသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့၏ အကြီးအကဲများက ပေးပို့သည့် သဝဏ်လွှာတွင် “နိုင်ငံတကာပါလီမန်များအဖွဲ့နှင့် အဖွဲ့ဝင်ပါလီမန်များကိုယ်စား ကျွန်ုပ်တို့အနေဖြင့် အင်အားကြီးငလျင်ကြောင့် မမျှော်လင့်သော ပျက်စီးဆုံးရှုံးမှုများခံစားခဲ့ကြရသည့် မြန်မာပြည်သူများနှင့် လူကြီးမင်းအတွက် ကိုယ်ချင်းစာမှုနှင့် ဝမ်းနည်းမှုကို ဖော်ပြလိုပါကြောင်း၊ အသက်ဆုံးရှုံးမှု၊ နေရာအနှံ့ ပျက်စီးမှုများနှင့် အလိုအပ်ဆုံးသူများထံသို့ အကူအညီများရရှိရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း” ဖော်ပြပါရှိပါသည်။
ထို့ပြင် ယခုသဘာဝဘေးအန္တရာယ်ကြောင့် ချစ်ရသူများ ဆုံးရှုံးခဲ့ရသော ဆွေမျိုးသားချင်းများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ဥက္ကဋ္ဌကြီး၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်ရှိကြောင်း ပြန်ကြားခဲ့ရာတွင် “ယခုကဲ့သို့ စာနာနားလည်မှုနှင့် ဝမ်းနည်းမှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ မမျှော်လင့်သည့်အခြေအနေကို ကြုံတွေ့နေရပြီး ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် လိုအပ်သည့် အကူအညီများ မြန်မြန်ဆန်ဆန်ရရှိနိုင်ရေး နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ကူညီဆောင်ရွက်ပေးစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်နေသည့် ပြည်သူများကို ကယ်တင်နိုင်ရေးအတွက် စစ်ဆင်ရေးကို ရပ်နားထားမည် ကြေညာခဲ့သော်လည်း အာဏာသိမ်းစစ်တပ်သည် နိုင်ငံတစ်ဝှမ်း လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် နိုင်ငံတကာက ဖြစ်နိုင်သမျှ နည်းလမ်းတို့ဖြင့် ဖိအားပေးကြရန်လည်း တောင်းဆိုတိုက်တွန်းခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို ကယ်တင်နိုင်ရေး၊ အကူအညီများ ရရှိရေး၊ အခြေအနေမှန်များကို နိုင်ငံတကာအသိုက်အဝန်းက သိရှိစေရေးတို့ကို စတင်ဖြစ်ပေါ်သည့်အချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



