၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့
ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ယနေ့ (၉-၄-၂၀၂၅ ရက်နေ့) တွင် ကျင်းပလျက်ရှိသည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၂) ကြိမ်မြောက် ညီလာခံမှစ၍ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် နိုင်ငံတကာပါလီမန်များအစည်းအဝေးများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ညီလာခံများနှင့် အစည်းအဝေးများတွင် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင်တက်ရောက်လျက်ရှိပါသည်။
ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီနည်းကျမဟုတ်သော အကြမ်းဖက်စစ်တပ်အား ယနေ့ထိတိုင် ဆန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီကိုလိုလားသော ပြင်းပြသောဆန္ဒကို လေးစားတန်ဖိုးထားခြင်းကြောင့်သာဖြစ်ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ





