ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ကော်မတီ၏လုပ်ငန်းစဥ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြသည့်တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဗဟိုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကော်မတီများတွင် အရေးကြီးသော ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း၊ CRPH ကိုယ်စားပြုတာဝန်ရှိသူတစ်ဦးလည်း ထည့်သွင်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ စဥ်ဆက်မပြတ်သိရှိရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်အသီးသီး၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်လည်း ပုံမှန်ဆွေးနွေး ဆောင်ရွက်သည့် ကော်မတီဖြစ်ပါကြောင်း၊ မြေပြင်ထိဆင်း၍ စီမံခန့်ခွဲရသည့်ကော်မတီဖြစ်ကြောင်း၊ ပြည်သူများသည် တော်လှန်ရေး၌ လိုအပ်သည်ထက် ပိုမိုစွန့်လွှတ်မှုများ ပြုလုပ်၍ ပါဝင်နေကြကြောင်း၊ ပြည်သူများ ပိုမိုလုံခြုံစေရန်နှင့် ဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာဝန်ရှိပါကြောင်း၊ အချင်းချင်းညီညွတ်မှုနှင့် အချက်အလက်များဖလှယ်ကာ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန်နှင့် အတူပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများကို ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ ယခုဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်တာမဟာဗျူဟာအစီအမံကို ချမှတ်ပြီး ဝန်ကြီးဌာနအသီးသီး၏ ကော်မတီများမှ တိုင်းရင်းသားမဟာမိတ်များနှင့် ညှိနှိုင်းဆွေးနွေးပေါင်းစပ်ပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်ဖြစ်ရန် စီမံဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ တော်လှန်ရေး၏အရေးပါဆုံး လုပ်ငန်းဖြစ်သည့် စိုးမိုးထိန်းချုပ်နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးပါဝင် ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့် မြေပြင်ချိတ်ဆက်မှု အင်မတန် အားကောင်းရန် လိုအပ်ကြောင်း၊ တာဝန်ပေးအပ်ထားသောပုဂ္ဂိုလ်များနှင့် တာဝန်ယူနိုင်သော အခြေအနေ ကိုက်ညီမှုရှိ၊ မရှိနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်မှုများကို အချိန်နှင့်တစ်ပြေးညီ တာဝန်ပေးအပ်ခံရသူများအပြင် စိစစ်ရသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း အမြင်ရှင်းရှင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများတွင် အမြင်မတူညီမှုများရှိနိုင်သော်လည်း မည်သို့ပူးပေါင်းဆောင်ရွက်မည်သာ အရေးကြီးပါကြောင်း၊ စီစဥ်ဆောင်ရွက်နေသူများကြားတွင် အခက်အခဲများကို အပြန်အလှန်နားလည်ကာ အကြံပြုမေးမြန်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူသား ချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရည်မှန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများ၊ လတ်တလောဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ဝန်ကြီးဌာနများအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များအား မေးမြန်း၍ အကြံပြုဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများမှတာဝန်ရှိသူများကလည်း မေးခွန်းများ ပြန်လည်ဖြေကြား၍ တွေ့ဆုံဆွေးနွေးပွဲအား (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
တွေ့ဆုံရှင်းလင်းပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



