Home / ဆွစ်ကွန်ဖက်ဒရေးရှင်းပြည်ထောင်စုနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးပွဲ ပြုလုပ်

ဆွစ်ကွန်ဖက်ဒရေးရှင်းပြည်ထောင်စုနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးပွဲ ပြုလုပ်

ဖက်ဒရယ်ရေးရာကော်မတီသည် ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော ပြည်ထောင်စု နိုင်ငံများနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးမှုအစီအစဥ်များအား  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်၍ ဆွစ်ကွန်ဖက်ဒရေးရှင်းပြည်ထောင်စုနှင့်ပတ်သက်သော လေ့လာသိရှိထားသင့်သည့် အကြောင်းအရာများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၈ ရက်နေ့များတွင် ညနေ ၁၉၀၀ နာရီအချိန်မှ ၂၁၀၀ အချိန်ထိ ဆွေးနွေးလေ့လာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများတွင် ကျွမ်းကျင်ပညာရှင် ဦးကျော်စွာက “ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်နှင့် တိုက်ရိုက်ဒီမိုကရေစီစနစ်သည် ဆွစ်ဇာလန်နိုင်ငံရေးစနစ်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် တန်ဖိုးထားစောင့်ထိန်းမှုကို ထင်ဟပ်ပေါ်လွင်စေပြီး တိုက်ရိုက်ဒီမိုကရေစီသည် ဆွစ်ဇာလန်နိုင်ငံရေးစနစ်၏  ထူးခြားသော အင်္ဂါရပ်များမှ တစ်ခုဖြစ်ပါကြောင်း” မှတ်ချက်ပြုပြောကြားခဲ့ကာ ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်နိုင်ငံရေးစနစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခြေခံအခွင့်အရေးဆိုင်ရာ အာမခံချက်များ၊  ကွန်မြူနတီများ၊ ကန်တွန်များနှင့် ပြည်ထောင်စုအကြား အာဏာခွဲဝေမှု၊ ပြည်ထောင်စုအဆင့် လွှတ်တော်များဖွဲ့စည်းမှု၊ ဆွစ်ဇာလန်ပါလီမန်၏ အခန်းကဏ္ဍနှင့်အာဏာများ၊ ဆွစ်ဇာလန်၏ နယ်မြေများ၊ လူမျိုးရေးနှင့် ဘာသာစကား၊ ဆန္ဒခံယူပွဲများ၊ နိုင်ငံရေး ပါတီများ၊ မြူနီစီပယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအား သမိုင်းကြောင်း နောက်ခံများနှင့်တကွ ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဖက်ဒရယ်ရေးရာကော်မတီသည် ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးမှုအစီအစဥ်များအား အပတ်စဥ် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top