Home / မျိုးနွယ်စုများ၊ လူမျိုးစုများနှင့် ဘာသာစကားစုံလင်ကွဲပြားသော နိုင်ဂျီးရီးယား ပြည်ထောင်စုစနစ်အား လေ့လာဆွေးနွေးပွဲ ပြုလုပ်

မျိုးနွယ်စုများ၊ လူမျိုးစုများနှင့် ဘာသာစကားစုံလင်ကွဲပြားသော နိုင်ဂျီးရီးယား ပြည်ထောင်စုစနစ်အား လေ့လာဆွေးနွေးပွဲ ပြုလုပ်

ဖက်ဒရယ်ရေးရာကော်မတီသည် ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော ပြည်ထောင်စုနိုင်ငံများနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးမှုအစီအစဥ်များအား  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်၍ မျိုးနွယ်စုများ၊ လူမျိုးစုများနှင့် ဘာသာစကားစုံလင်ကွဲပြားသော နိုင်ဂျီးရီးယား ပြည်ထောင်စုစနစ်အကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့များတွင် ညနေ ၁၉၀၀ နာရီအချိန်မှ ၂၁၀၀ အချိန်ထိ ဆွေးနွေးလေ့လာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများတွင် ကျွမ်းကျင်ပညာရှင် ဦးကျော်စွာက “နိုင်ဂျီးယားနိုင်ငံသည် စုစည်းတည်ရှိသော လူမျိုးစုများကို နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလိုအပ်ချက်များအရ ခွဲထုတ်ရန် တိကျသော ရည်ရွယ်ချက်ဖြင့် နယ်မြေပိုင်းခြား နယ်နိမိတ်မျဥ်းများဆွဲလျက် ပြည်နယ်များကို ဖွဲ့စည်းထားသော ဖက်ဒရယ်စနစ် (Territorial Federalism) ၏ အထင်ရှားဆုံးနှင့် လေ့လာမှုအများဆုံးဥပမာဖြစ်ကြောင်း” မှတ်ချက်ပြုပြောကြားခဲ့ကာ နိုင်ဂျီးရီးယားနိုင်ငံ၏ ဖက်ဒရယ်နိုင်ငံရေးစနစ်ဆင့်ကဲပြောင်းလဲမှုများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအာဏာခွဲဝေမှု၊ ပြည်ထောင်စုရှိနယ်မြေများ၊ ယူနစ်မြေများနှင့် လူမျိုးများ၊ ပြည်နယ်ယူနစ်များတိုးချဲ့ခြင်း၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ အမျိုးသားစီးပွားရေးကောင်စီဖွဲ့စည်းထားရှိမှု၊ အခွန်အမျိုးအစားများနှင့် အခွန်ဘဏ္ဍာခွဲဝေခြင်း၊ အစိုးရအလွှာအဆင့်အလိုက် အသုံးစရိတ် အမျိုးအစားများ၊ ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အစိုးရများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်ထောင်စုလက္ခဏာဖော်ဆောင်ရေးကော်မရှင် ဖွဲ့စည်းထားရှိမှုတို့အား သမိုင်းကြောင်း နောက်ခံများနှင့်တကွ ပြည့်စုံစွာ ရှင်းလင်းပြောကြား၍ တက်ရောက်လာသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဖက်ဒရယ်ရေးရာကော်မတီသည် ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော ပြည်ထောင်စု နိုင်ငံများနှင့်စပ်လျဥ်းသည့် လေ့လာဆွေးနွေးမှုအစီအစဥ်များအား အပတ်စဥ် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top