Home / နိုင်ငံရေးပါတီများဖျက်သိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အား ဥရောပပါလီမန်က ချမှတ်အတည်ပြု

နိုင်ငံရေးပါတီများဖျက်သိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အား ဥရောပပါလီမန်က ချမှတ်အတည်ပြု

အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီနည်းကျမဟုတ်ဘဲ ရယူထားသော အာဏာအား တရားဝင်မှုရရှိရန် ကြိုးပမ်းသည့် စစ်တပ်၏ ကြိုးပမ်းမှုအားလုံးကို ကန့်ကွက်ကြောင်းနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ပုံမှန်တိုက်ခိုက်နေမှု၊ စစ်တပ်က ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်က နိုင်ငံရေးပါတီ (၄၀) အား ဖျက်သိမ်းခဲ့မှုနှင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများနှင့် တရားမဝင်သည့် စစ်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ရှုတ်ချကြောင်း မေလ ၁၁ ရက်နေ့တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်အား ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၃၉ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်တပ်အပေါ် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထောက်ခံပေးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ လေယာဉ်ဆီတင်ပို့ရောင်းချခြင်းနှင့် စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများပြုလုပ်ပေးရန် ဥရောပသမဂ္ဂအား တောင်းဆိုကြောင်း၊ ရိုဟင်ဂျာများအပါအဝင် မြန်မာဒုက္ခသည်များနှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများအတွက် ထောက်ပံ့ပေးမှုများကို သိသိသာသာ တိုးမြှင့်ပေးရန်အပါအဝင် မြန်မာနိုင်ငံပေါ် စစ်လက်နက်ပိတ်ပင်တားဆီးရေးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၌ တရားစွဲဆိုသွားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံနှင့် အခြားသော ဒေသတွင်းသက်ဆိုင်သူများနှင့် လက်တွဲလုပ်ဆောင်ရန် ရနိုင်သမျှ နိုင်ငံရေးနည်းလမ်းများကို အသုံးပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ ဥပဒေနှင့်မညီသည့် အရေးပေါ်ကြေညာချက်နှင့် ခွဲခြားမှုမရှိ အင်အားသုံးတိုက်ခိုက်နေမှုများကို ချက်ချင်းအဆုံးသတ်ရန်၊ အရပ်သားအစိုးရထံ အာဏာပြန်အပ်ရန်နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအားလုံး ပါဝင်သည့် လွှတ်တော်အား ပြန်လည်ခေါ်ယူပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းအား ပြန်လည်တည်ဆောက်သွားရန် စသည့် အကြမ်းဖက် စစ်ကောင်စီအား တောင်းဆိုချက်များလည်း ပါဝင်သည်။

ဥရောပပါလီမန်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်အသိအမှတ်ပြုထားပြီး မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှုအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ပြုလုပ်ပေးရေး၊ စစ်ရှောင်ပြည်သူများနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းမှုအပေါ် ထိရောက်ပြီး လက်တွေ့ကျသော အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။

ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်အား https://www.europarl.europa.eu/doceo/document/TA-9-2023-0200_EN.html တွင် Download ပြုလုပ်ရယူနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top