အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် နေ့စဥ်နှင့်အမျှ တိုးမြင့် လာသည့် စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ပိုမို ထိရောက်သော ကူညီထောက်ပံ့မှု ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကော်မတီအနေဖြင့် ကော်မတီဝင်များကတစ်ဆင့် တင်ပြအကူအညီတောင်းခံလာသည့် စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဥ်းသားများအတွက် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners-AAPP)နှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ CDM ပြည်သူ့ဝန်ထမ်းများအတွက် CRPH ၏ ပြည်သူ့ရေးရာကော်မတီတို့နှင့်ချိတ်ဆက်ခြင်း စသည့် ကူညီထောက်ပံ့မှုလုပ်ငန်းစဥ်များကို ဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအနက် ကော်မတီနှင့် ပူးပေါင်း လုပ်ဆောင်နိုင်မည့်လုပ်ငန်းများအား ရှေ့ဆက်အကောင်အထည်ဖော်ဆောင်နိုင်ရန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
