(၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ(144th IPU General Assembly) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပါဝင်ဆွေးနွေးရမယ့် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး အထောက်အကူပြုနိုင်စေရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ဗီဒီယို ကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ ထည့်သွင်းလိုသည့် အကြံပြုချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်အား ၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နေ့လယ် ၁၄:၃၀ နာရီတွင် ဗွီဒီယို ကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘယဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့ကနှုတ်ခွန်းဆက် အမှာစကားပြောခဲ့သည်။
ထို့နောက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား အတွင်းဝန်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ ဖြစ်သည့် ဦးမျိုးနိုင်၊ ဦးရောဘတ်ညေးရယ်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
(၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်မှ ၂၄ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည် ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ