Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့၌ ဗီဒိုယိုကွန့်ဖရင့်မှတဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဂျော်နီတို့က ဝန်ကြီးဌာနများ၏ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တော်လှန်ရေးကာလအတွင်း ဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီမှ မတရားဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသည့် အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များအတွက် ဥပဒေရေးရာကာကွယ်ပေးခြင်းများ ဆောင်ရွက်နေမှု၊ စစ်ဘေးရှောင်ပြည်သူများအတွက် ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ ကူညီပံ့ပိုးပေးနေမှု၊ CDM ဝန်ထမ်းများအတွက် သားဖွားအသုံးအဆောင်နှင့် မွေးဖွားစရိတ် ပံ့ပိုးကူညီပေးနေမှု၊ ဝန်ကြီးဌာနအလိုက် CDM ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားကွန်ဖရင့်များနှင့် အစည်းအဝေးများတွင် စစ်ကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရှိစေရေး ဝန်ကြီးဌာနက ဆောင်ရွက်နေမှု၊ အလုပ်သမားများနှင့် CDM ပြည်သူ့သူရဲကောင်းဝန်ထမ်းများအတွက် ကြားကာလ လူမှုဖူလုံရေးအစီအစဉ်ရေးဆွဲ၍ နိုင်ငံတကာမှ အကူအညီများ ရရှိနိုင်ရေး ဆောင်ရွက်နေမှု၊ အလုပ်သမားများ၏ နစ်နာမှုများများကို စစ်တမ်းကောက်ယူနိုင်ရေး ဆောင်ရွက်နေမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်နေမှု၊ CRPH ၏ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိနိုင်ရေး ဆောင်ရွက်နေမှုများ၊ ပြည်သူ့ရေးရာကော်မတီမှ CDM သူရဲကောင်းများအား ပံ့ပိုးကူညီနိုင်ရန် အလှူရှင် အက်ပလီကေးရှင်း (Ahlu Shin App) မှတဆင့် ဘဏ္ဍာငွေရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ နိုင်ငံတကာအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top