၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ၈ လေးလုံး (၈၈၈၈) အရေးတော်ပုံမှ မွေးဖွားပေါ်ထွန်း ခဲ့သော ကျောင်းသားတပ်မတော်တစ်ခု ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအား စစ်အာဏာရှင်များက လက်နက်ဖြင့်ဖြိုခွင်းလိုက်ခြင်း ကြောင့် ထောင်ပေါင်းများစွာသော ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ နှင့် လူငယ်များသည် မြန်မာနိုင်ငံနယ်စပ်အသီးသီးသို့ ထွက်ခွာလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front) (ABSDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ (၃၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၂။ “လွတ်လပ်ရေး ဆိုတာ ညှိယူလို့မရ၊ တိုက်ယူမှရမည်” ဆိုသည့်အတိုင်း တက္ကသိုလ်စာသင်ခန်းများကို ကျောခိုင်းကာ အနာဂတ်ကိုစွန့်ပယ်ပြီး အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ဟူသည့် နိုင်ငံရေးဦးတည်ချက် (၄) ရပ်ကို အခြေခံကာ ခိုင်မာပြတ်သားသည့် စိတ်ဓာတ်ဖြင့် တောထဲဝင်ကာ ကြမ်းတမ်းခါးသီးသည့် ဘဝလောကဓံများကို ရင်ဆိုင်ကျော်ဖြတ်ကာ စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှပျောက်ကွယ်သွားအောင် တွန်းလှန်တိုက်ထုတ်နေကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။
၃။ ယခုအခါ နွေဦးတော်လှန်ရေးတွင်လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုနှင့်အတူ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်တွန်းလှန်နေသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတပ်မတော်သည် ယနေ့ထိတိုင်အောင် ဒီမိုကရေစီစိတ်ဓာတ် ရှင်သန်ထက်မြတ်ခိုင်မာနေဆဲရှိနေသည်မှာ များစွာခွန်အားဖြစ်စေပါသည်။ နွေဦးတော်လှန်ရေးတွင် ပြည်သူတစ်ရပ်လုံး၏ တရားမျှတသော အခွင့်အရေးများအတွက် အသက်၊ သွေး၊ ချွေး၊ ဘဝ ပေါင်းများစွာ ပေးဆပ်ခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်အပေါင်းအား အလေးအမြတ် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ မြန်မာ့သမိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်များသည် လက်နက်အားကိုး၍ လူမျိုးကြီးဝါဒကိုမွေးမြူပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးကို မျက်ကွယ်ပြု၍ မိမိတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုခဲ့ကြသဖြင့် ကျဉ်းမြောင်းသောလူမျိုးရေးဝါဒများရှိလာကာ ရှုပ်ထွေးသောနိုင်ငံရေး ပြဿနာပေါင်းစုံပေါ်ပေါက်ခဲ့ပြီး ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့အထိ မငြိမ်းချမ်းသေးပေ။ ဘုံရန်သူဖြစ်သော အာဏာသိမ်း စစ်တပ်ကိုတော်လှန်သည်မှာ နွေဦးတော်လှန်ရေးသည်သာ နောက်ဆုံးပွဲသိမ်းအောင်ပွဲအဖြစ် ကမ္ဘာမှာထင်ရှားသည့် သမိုင်းမှတ်တမ်းအဖြစ် မော်ကွန်းထိုးနိုင်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်များကို အမြစ်ပြတ်တွန်းလှန်တိုက်ထုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး တိုင်းရင်းသားတစ်ရပ်လုံးက ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အဆုံးသတ် တိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူတကွ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ရှစ်လေးလုံးအရေးတော်ပုံမှသည် နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ အတူတကွလျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ