Home / အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်ဆိုးအား အဆုံးသတ်၍ ပြည်သူ့ ဆန္ဒနှင့်အညီ တည်ထောင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ လက်တွဲကြိုးပမ်းလျက်ရှိသည်သာမက တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ပြည်တွင်းပြည်ပ ကဏ္ဍအစုံတွင် လေးနှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများထူထောင်၍ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ကြိုးပမ်းလျက်ရှိခြင်း၊ နိုင်ငံတကာပါလီမန်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ခံမှုရရှိစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အခြားသော ဒီမိုကရေစီကိုလိုလားသော အင်အားစုများအားလုံးနှင့်လည်း ခိုင်မာအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုတို့ကို ကြိုးပမ်းတည်ဆောက်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ရည်မှန်းချက်တူညီသောအင်အားစုများအကြား အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှုတို့ကို တည်ဆောက်ကာ စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းစသော ပြည်သူ့အစိုးရတစ်ရပ်၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုပါသည်။

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် ပြည်သူတို့မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနေသည့် လွှတ်တော်တစ်ရပ်အနေဖြင့် ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရမည်ဟူသော ယုံကြည်ချက်ကို ခိုင်မာစွာဆုပ်ကိုင်လျက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးများကို သတ္တမအကြိမ်အထိ ခေါ်ယူကျင်းပခဲ့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွှတ်တော်နှင့်အစိုးရအကြား လိုအပ်သော ပူးပေါင်း ချိတ်ဆက်မှုများ၊ အစီရင်ခံစာတင်ပြခြင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားခြင်းများ စသည့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများကိုလည်း မှတ်တမ်းတင်ထားရှိပါသည်။

၄။ အစိုးရနှင့်လွှတ်တော်၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်မှုများသည် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ကာ ပြည်သူ့ ဆန္ဒကို အခြေတည်သော နိုင်ငံတော်သစ်ဆီသို့ အတူတကွ လျှောက်လှမ်းသွားနိုင်မည်ကို အပြည့်အဝ ယုံကြည်ပါသည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်လျက် အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်၏ အနာဂတ်လုပ်ငန်းစဥ်များတွင်လည်း ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေးအင်အားစုများအားလုံး၏ တစ်ပေါင်းတစ်စည်းတည်းသော အင်အားဖြင့် တိုင်းရင်းသားပြည်သူလူထုနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပိုမိုအားကောင်းခိုင်မာသော အစိုးရတစ်ရပ်ပေါ်ထွန်းနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top