Home / ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်

၁။ ယနေ့ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများရှိ အလုပ်သမား၊ ပြည်သူများအားလုံး အလုပ်သမားထု၏ အခွင့်အရေးများအား နိုင်ငံတကာစံနှုန်းများအညီ အပြည့်အဝရရှိခံစားနိုင်ကြကာ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်များ ကင်းရှင်း၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာအေးချမ်းကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဦးစွာ မေတ္တာပို့ ဆုတောင်းအပ်ပါသည်။

၂။ အလုပ်သမားများ၏ စုစည်းညီညွတ်မှုအင်အားကို ဂုဏ်ပြုဖော်ညွှန်းလျက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလုပ်သမားနေ့အား နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း မိမိတို့နိုင်ငံတဝှမ်းတွင် အလုပ်သမားလူထုအပါအဝင် တိုင်းရင်းသားပြည်သူပြည်သားများသည် အကြမ်းဖက်စစ်ကောင်စီ၏ နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှုများ၊ မြို့ပြကျေးလက်ရှိ ပြည်သူပိုင်နေအိမ်များအား ဖျက်ဆီးမီးရှို့မှုများ၊ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ ထောင်သွင်းအကျဉ်းချမှုများစသည့် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ကြုံနေရဆဲ ဖြစ်ပါသည်။

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအပါအဝင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များက မြန်မာပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုအား တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံတကာလွှတ်တော်များ၊ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးတွင် ဘုံရည်မှန်းချက်ပန်းတိုင်တူညီသော အဖွဲ့အစည်းများနှင့် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်မည့် (၁၁၃) ကြိမ်မြောက် 2025 International Labour Conference (ILC) တွင် အကြမ်းဖက်စစ်ကောင်စီအား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ လက်ရှိတော်လှန်ရေးကာလတွင်သာမက အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးကာလများတွင် အလွှာအသီးသီးရှိ လုပ်သားပြည်သူများ၏ အင်အားသည် နိုင်ငံတော်အတွက် တန်ဖိုးကြီးမားသော အင်အားတစ်ရပ် ဖြစ်ပါသည်။ ခေတ်အဆက်ဆက်တော်လှန်ရေးခရီးလမ်းတွင် ပြည်တွင်းပြည်ပရှိ အလုပ်သမားထုကြီး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် သမိုင်းမှတ်တမ်းများအား မိမိတို့အနေဖြင့် အစဥ်အမြဲ ဂုဏ်ယူ လေးစားပါကြောင်း ဖော်ပြလိုပါသည်။ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် နိုင်ငံတကာ သဘောတူစာချုပ်များ၊ စံညွှန်းများနှင့်အညီ လုပ်သားပြည်သူများ တန်းတူညီမျှမှု ရရှိရေး၊ လူနေမှုဘဝများ ပိုမိုတိုးတက်အောင်မြင်နိုင်ရေးအတွက် အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ကဏ္ဍအသီးသီး၏ အလုပ်သမားလူထုအတွက် ပိုမိုခိုင်မာအားကောင်းသော လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မိမိတို့အနေဖြင့် ထပ်လောင်းကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top