၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်
၁။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ပြီး လွတ်လပ်ရေးအုတ်မြစ်ကို ချမှတ်ပေးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦး ကျဆုံးခဲ့ခြင်းကို ဂုဏ်ပြုအောက်မေ့သတိရလျက် နှစ်စဉ် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများအား ကျင်းပလာခဲ့ကြသည်မှာ ယနေ့တွင် (၇၉) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါ သည်။ ခေတ်အဆက်ဆက်တွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် အာဇာနည် ရဲဘော်ရဲဘက် အပေါင်းတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားစွာ ဂုဏ်ပြု ဦးညွှတ်အပ်ပါသည်။
၂။ အာဇာနည်ခေါင်းဆောင်ကြီးများသည် ကိုယ်ကျိုးစီးပွားကို လုံးဝငဲ့ကွက်ခြင်းမရှိဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရေးအတွက် ရှေ့တန်းတင်ကြိုးစားခဲ့ပြီး လွတ်လပ်၍ တန်းတူ ရည်တူရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများသည် မိမိတို့ ဆက်လက်အကောင်အထည်ဖော်ရမည့် အခြေခံမူများပင် ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင် တို့၏ တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေးအမွေအနှစ်များကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်း ကာ လက်ရှိနွေဦးတော်လှန်ရေးကြီးမှတစ်ဆင့် မိမိတို့၏ ရည်မှန်းချက်ဆီသို့ တစိုက်မတ်မတ် အတူတကွ ချီတက်လျှောက်လှမ်းသွားကြရမည် ဖြစ်ပါသည်။
၃။ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားခေါင်းဆောင်ကြီးများ၏ နိုင်ငံရေးအိပ်မက်ကို လျစ်လျူရှုပြီး ယနေ့ထိတိုင် ပြည်သူလူထုအား လူမဆန်သော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်ပြီး တိုင်းပြည်အား အကြောက်တရား၊ လက်နက်အင်အားသုံးပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပါသည်။ ထိုသို့ အာဇာနည်ခေါင်းဆောင်ကြီး များ၏ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုရုံမျှမက နိုင်ငံတစ်ဝှမ်းရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို ဖျက်ဆီးပြီး အမျိုးသားခေါင်းဆောင်ကြီးများ၏ သမိုင်း မော်ကွန်းများကိုပါ ဖျောက်ဖျက်ပစ်ရန် လုပ်ဆောင်လျက်ရှိပါသည်။
၄။ သမိုင်းစဉ်ဖြစ်ရပ်မှန်များနှင့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သို့ပင် ဖျောက်ဖျက် ပျက်စီးစေ သော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်သန္တန်တွင် ကိန်းအောင်းနေသည့် ခိုင်မာသော ယုံကြည်ချက်များအား မည်သို့မျှ ဖြိုချဖျက်ဆီး၍မရနိုင်ပါ။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ယနေ့ထိတိုင် လျှောက်လှမ်းနေကြဆဲဖြစ်သကဲ့သို့ တိုင်းပြည် နှင့် ပြည်သူလူထုကို စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်စေရုံမျှမက အေးချမ်းသာယာ သည့် အနာဂတ်ကို သမိုင်းအမွေအဖြစ် ပေးခဲ့နိုင်စေရန် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းသွားကြရမည်ပင် ဖြစ်ပါသည်။
၅။ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စိတ်ဓာတ်ခွန်အားနှင့် စည်းလုံးညီညွတ်မှုကို လက်ဆင့်ကမ်းပေးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦးနှင့် ခေတ်အဆက်ဆက် တော်လှန်ရေး အာဇာနည်သူရဲကောင်းတို့၏ ရည်မှန်းချက်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်နိုင်ရန် မိမိတို့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ဆက်လက်ပူးပေါင်းချိတ်ဆက်ကာ ကြိုးစားထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း သစ္စာလေးနက်တည်ကြည်စွာ ကတိပြုလျက် ယနေ့ ကျင်းပသော (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဤသဝဏ်လွှာအား ဂုဏ်ပြုပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


