Home / ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

(၂၀၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ်၊ မေလအထိ)

၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁ ရက်

နိဒါန်း

၁။               ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင် စနစ် အပြီးတိုင်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ အတွက် တော်လှန်ရေးအင်အားစုများနှင့် အတူတကွ လက်တွဲပူးပေါင်းကြိုးပမ်းထမ်းရွက်လျက် ရှင်သန်တည်ရှိနေဆဲ လွှတ်တော်တစ်ရပ်အဖြစ် လွှတ်တော်၏ လုပ်ငန်းစဉ်များအား တော်လှန်ရေး ကာလအခြေအနေများနှင့် ကိုက်ညီမှုရှိစွာ အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။ လွှတ်တော် ကဏ္ဍအနေဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအား (၁၀) ကြိမ်တိုင်အောင် အောင်မြင် စွာ စီစဉ်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီတွင်လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပူးပေါင်းပါဝင်လျက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ လက်တွေ့ကျ သော စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့်အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဆောင်ရွက်ချက်များနှင့်တွေ့ဆုံမှုများ

၂။            ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှု ရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနများအတွက် လိုအပ်လျက်ရှိသော ဒုတိယဝန်ကြီး (၂) ဦးတို့အား အတည်ပြု ခန့်အပ်ပေးနိုင်ခဲ့ပါသည်။

၃။              ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မေလအထိ တွေ့ဆုံမှုများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် (၈) ကြိမ်၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကောင်စီနှင့် (၁) ကြိမ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် စပ်လျဉ်းသည့် အစည်းအဝေး (၃) ကြိမ်၊ အခြား အစည်းအဝေးများ (၂၁) ကြိမ်အပါအဝင် (၂၃-၅-၂၀၂၆ ရက်နေ့မှ ၂၅-၅-၂၀၂၆ ရက်နေ့အထိ) မဲဆန္ဒနယ် များနှင့် တွေ့ဆုံဆက်ဆံခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁) ကြိမ်၊  (၂၇-၅-၂၀၂၆ ရက်နေ့မှ ၂၉-၅-၂၀၂၆ ရက်နေ့အထိ) မဲဆန္ဒနယ်များနှင့်တွေ့ဆုံဆက်ဆံခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁) ကြိမ်ဖြင့် စုစုပေါင်း (၂) ကြိမ်ပြုလုပ်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ဖက်ဒရယ်ယူနစ်/ ဒေသ/ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း စီစဉ် ဆောင်ရွက်ခဲ့ပါသည်။

၄။          ထို့အပြင် ဖွဲ့စည်းထားရှိသော ရေးရာကော်မတီ (၁၁) ခု အနေဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုအဖြစ် (၁၆၇) ကြိမ် ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း

၅။           ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် အမေရိကန်လွှတ်တော်၌ Burma Research Institute (BRI) က ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာ့အရေးဆိုင်ရာ လွှတ်တော် ကြားနာပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း က အွန်လိုင်းဖြင့် ပါဝင်၍ အမှာစကားပြောကြားခဲ့ပါသည်။

၆။            နိုင်ငံတကာဆက်ဆံရေးကော်မတီအနေဖြင့် နိုင်ငံတကာသံရုံးများ၊ အဖွဲ့အစည်းများနှင့် သီးခြားစီတွေ့ဆုံ၍ မြေပြင်အခြေအနေများ၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ နိုင်ငံတကာ အသိုက်အဝန်းက ကူညီပေးစေလိုသည့်ကဏ္ဍများအပေါ် ဆွေးနွေးမှုများပြုလုပ်၍ မြန်မာ့နိုင်ငံရေး အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ဆက်လက်ကူညီပံ့ပိုးမှုများ ရရှိစေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ ပါသည်။ ၂၀၂၆ ခုနှစ်၊ ပထမ (၅) လအတွင်း သံတမန်၊ အဖွဲ့အစည်း (၁၀) ခုနှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)သို့ တက်ရောက်ခဲ့သည့် အခြေအနေများအား သီးခြား အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။

ကော်မတီများ၏ စုံစမ်းကြားနာမှုဆိုင်ရာလုပ်ငန်းစဉ်များ

၇။            အလုပ်သမားရေးရာကော်မတီသည် “ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့်ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုအား စုံစမ်းမေးမြန်းမှုအစီရင်ခံစာ” အား အောင်မြင်စွာ စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကော်မတီသည် ထိုစုံစမ်းမေးမြန်းမှုလုပ်ငန်းစဉ်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန (ယခင်ဝန်ကြီးဌာနအမည်)၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အလုပ်သမားကိုယ်စားလှယ်များ၊ အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရှိ အောက်လွှတ်တော် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)နှင့် ထိုင်းနိုင်ငံ အခြေပြု ရွှေ့ပြောင်းအလုပ်သမားအရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အကြံပြုချက်များ ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပူးပေါင်းလျက် ထိုင်း နိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်များ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း သည့်  တိုက်တွန်းလှုံ့ဆော်မှုလုပ်ငန်းစဉ်ကို မကြာမီတွင် ဆက်လက် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

၈။            ပြည်သူ့ရေးရာကော်မတီသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်၏ အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မသန်စွမ်းဖြစ်သွားသူများအပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် မသန်စွမ်းဖြစ်သွားရသူများ၏ စိန်ခေါ်မှုများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို ဖော်ထုတ်ရန်နှင့် လက်ရှိကာလနှင့် အသွင်ကူးပြောင်းရေးကာလတို့တွင် မသန်စွမ်းသူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကုစား ပေးမှုများသာမက ခိုင်မာသည့်မူဝါဒများ ပေါ်ထွန်းလာရေးအတွက် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများ တွင် မသန်စွမ်းဖြစ်သွားရသူများ၏ အခြေအနေများနှင့်စပ်လျဉ်း၍ စုံစမ်းကြားနာမှုတစ်ရပ်ကို ကော်မတီဝင်များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါသည်။

၉။            ပညာရေးကော်မတီသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့အထိ ကြားကာလတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ကလေး သူငယ်များ၏ ပညာသင်ကြားနိုင်မှုအခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် စုံစမ်းမေးမြန်းမှု” အစီရင် ခံစာအား  ကြားကာလပညာရေးကဏ္ဍ၌ ပါဝင်နေကြသည့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ များနှင့် မိဘအုပ်ထိန်းသူများအား မြေပြင်ကွင်းဆင်းတွေ့ဆုံမှုနှင့် အွန်လိုင်းတွေ့ဆုံမှုများမှတစ်ဆင့် စစ်တမ်းမေးခွန်းလွှာများပြုလုပ်၍ အချက်အလက်များရယူကာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

၁၀။        အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီအနေဖြင့် “စစ်ဘေးရှောင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေအနေ၊ စိန်ခေါ်မှုများနှင့် လိုအပ်ချက်များနှင့် စပ်လျဉ်းသည့် စုံစမ်းကြားနာမှုအစီရင်ခံစာ” တစ်ရပ်အား အောင်မြင်စွာ စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက် အမျိုးသမီး လူမှုအဖွဲ့အစည်းများနှင့် အွန်လိုင်းတွေ့ဆုံမှုသာမက မြေပြင်သို့ ကွင်းဆင်းလေ့လာ၍ စစ်ဘေးရှောင် စခန်းများမှ အမျိုးသမီးနှင့် မိန်းကလေးငယ်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကာ အစီရင်ခံစာ ထွက်ရှိနိုင်အောင် လုပ်ဆောင်ခဲ့ပါသည်။ ထိုအစီရင်ခံစာမှတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အကြံပြုချက်များ ပေးပို့သွားမည်ဖြစ်ပါသည်။

၁၁။          ဖက်ဒရယ်ရေးရာကော်မတီသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် စုံစမ်း ကြားနာမှုအစီအစဉ်”တစ်ရပ်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်များသက်ဆိုင်ရာအဖွဲ့စည်းများနှင့် ပူးပေါင်း၍ လေ့လာသုံးသပ်နိုင်ရန် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ထောက်ပံ့မှုနှင့်သင်တန်းများ စီစဉ်ဆောင်ရွက်မှု

၁၂။          ပြည်သူ့ရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့ သည် စစ်ကောင်စီ၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးကျဉ်းသားများ၏ မိသားစုများ ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP – Assistance Association for Political Prisoners) နှင့် ချိတ်ဆက်ကူညီလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မေလ အတွင်း နိုင်ငံရေးအကျဉ်းသား (၂၀၇) ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ် ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက် ၍ စစ်ဘေးရှောင်စခန်းများအတွက် ၃,၁၀၀,၀၀ဝိ/- (သုံးဆယ့်တစ်သိန်းကျပ်) ကို ကူညီထောက်ပံ့နိုင် ခဲ့သည်။

၁၃။          ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့်အတူ ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာအွန်လိုင်းသင်တန်း (၁) ကြိမ်၊ လူ့အခွင့်အရေး ဆိုင်ရာသင်တန်းနှင့် Mental Health ဆိုင်ရာ မြေပြင်သင်တန်း (၁) ကြိမ်၊ Mental Health ဆိုင်ရာ အွန်လိုင်းသင်တန်း (၂) ကြိမ်၊ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အခြေခံအွန်လိုင်းသင်တန်း (၂) ကြိမ်တို့ကို CDM များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၄။          ပညာရေးကော်မတီသည် (၄-၂-၂၀၂၆) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နေအိမ်နှင့် အိမ်တွင်းပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားသဖြင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျေးရွာများမှ ဆရာ၊ ဆရာမ (၅) ဦးတို့အား လူမှုရေးရာ၊ အလုပ်သမား နှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

ပြည်သူလူထုအတွက် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာလုပ်ငန်းများ

၁၅။          သတင်းမီဒီယာကဏ္ဍသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပြီး လက်ရှိနွေဦး တော်လှန် ရေးတွင်လည်း အထူးသတိထားဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ပြည်သူလူထု အနေဖြင့် သိရှိထားသင့်သည့်သတင်းအချက်များ ရရှိနိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက် နိုင်ရန် မှန်ကန်တိကျသော ဆိုရှယ်မီဒီယာများ၊ အရင်းအမြစ်များ လိုအပ်ပါသည်။ လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ကြိုးစားမျှဝေလျက်ရှိပြီး (၂) ပတ်လျှင် (၁) ကြိမ် သတင်းစဉ်ထုတ်ဝေမှုကိုလည်း ဆောင်ရွက်ဆဲဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် အဋ္ဌမ အကြိမ် အစည်းဝေးကျင်းပပြီးသည်မှစ၍ လက်ရှိအချိန်ထိ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် များ၊ မွေးနေ့ဆုတောင်းသဝဏ်လွှာများ၊ ဂုဏ်ပြုသဝဏ်လွှာများနှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ စုစု ပေါင်း (၂၂) စောင်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါသည်။

အနာဂတ်လုပ်ငန်းစဉ်များ

၁၆။          ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသော လုပ်ငန်း များကို ဥပဒေပြုရေးကဏ္ဍအပါအဝင် လွှတ်တော်၏ ကဏ္ဍများအလိုက် တော်လှန်ရေးအင်အားစုများ နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် သက်ဆိုင်ရာ တိုင်း/ ဖက်ဒရယ်ယူနစ်/ ဒေသ/ ပြည်နယ်အစိုးရများနှင့်လည်း ချိတ်ဆက်လုပ်ဆောင် နိုင်မည့် လုပ်ငန်းစဉ်များအား လက်တွဲကြိုးစားဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် မဟာမိတ် ဆက်ဆံရေးတိုးမြှင့်ဖော်ဆောင်နိုင်ရန် မဟာဗျူဟာများချမှတ်၍ အကောင်အထည်ဖော်ဆောင်သွား မည်ဖြစ်ပါသည်။

၁၇။          ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီက ရေးဆွဲချမှတ်ထားသော အခြေခံမူများနှင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်တို့ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်သွားနိုင်ရန် အခြားအဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

၁၈။          အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင်ဟန်ပြလွှတ်တော်နှင့်အစိုးရတို့အား ဖွဲ့စည်း ထားသော်လည်း ပြည်သူလူထု၏ အသိအမှတ်ပြုမှု၊ ထောက်ခံမှုမရရှိသည့်အတွက် အကြမ်းဖက် လုပ်ရပ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပြောင်ပြောင် တင်းတင်း ဆက်လက်ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီသည် ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကျပ်အတည်းများ ကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံတကာစံနှုန်းများ အား နေ့စဉ်ကျူးလွန်ဖောက်ဖျက်နေသည့် အကြမ်းဖက်စစ်အုပ်စုအား အမြန်ဆုံး ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူနိုင်ရန် တောင်းဆိုတိုက်တွန်းမှုများ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိဂုံး

၁၉။        ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် တရားဝင် ပြည်သူ့ဆန္ဒရလဒ်အား ခိုင်မာတည်ကြည်စွာ ကိုင်စွဲ လျက် ပြည်သူလူထု၏ အကျိုးအတွက် ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်စေရန် မိမိတို့ အနေဖြင့် စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ပြည်ထောင်စု လွှတ်တော် ဒသမအကြိမ်အစည်းအဝေးတွင် ဤအစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်သို့ လေးစား စွာ အစီရင်ခံတင်သွင်းအပ်ပါသည်။

Scroll to Top