Home / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး (ပထမနေ့) တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး (ပထမနေ့) တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ

(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

နိဒါန်း

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်စေရန်အလို့ငှာ လွှတ်တော်ကဏ္ဍအနေဖြင့် ထိထိရောက်ရောက် တာဝန်ယူ ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာ (၅) ရပ် ချမှတ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီများ၊ တိုင်းရင်းသား၊ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများ၊ ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာ အင်အားစုအဖွဲ့အစည်းအသီးသီးနှင့်အတူ ကျရာကဏ္ဍမှ လက်တွဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လွှတ်တော်ကဏ္ဍအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုခိုင်မာအားကောင်းစေခြင်းဖြင့် နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်သော ပံ့ပိုးကူညီမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် အဓိက မဟာ ဗျူဟာတစ်ရပ် ချမှတ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အားကောင်း စေရန် ကြိုးပမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား သီးခြားဖတ်ကြား တင်သွင်းသွားမည် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ် ဆောင်ရွက်ချက်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဉ်များအား လွှတ်တော်သို့ အစီရင်ခံ တင်ပြနိုင်ရန်၊ ပြည်သူလူထုသို့ အသိပေးတင်ပြနိုင်ရန်နှင့် တိကျခိုင်မာသော နိုင်ငံရေးရပ်တည်ချက်ဖြင့် နိုင်ငံတကာသို့ အသိပေးတိုက်တွန်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအား ခေါ်ယူ ကျင်းပခဲ့ရာ ပုံမှန်အစည်းအဝေး (၇) ကြိမ်နှင့် အထူးအစည်းအဝေး တစ်ကြိမ် ခေါ်ယူကျင်းပခဲ့ပါသည်။ ၈-၁၂-၂၀၂၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းမှုအား အတည်ပြုထုတ်ပြန်ခဲ့ကာ ပြောင်းရွှေ့တာဝန်ယူသည့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး (၆) ဦး တို့အား အတည်ပြုခန့်အပ်ခဲ့ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် ရှင်းလင်းတင်ပြစေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ယနေ့အချိန်ထိတိုင် (၁၉) ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းရှင်းလင်းတင်ပြမှုများတွင် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးရေး၊ မြေပြင်၌ ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် စပ်လျဉ်း ၍ ပူးပေါင်းဖြေရှင်းနိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာမိတ်ဆက်ဆံရေးကဏ္ဍ တိုးတက်မှုရှိစေ ရေး စသည့်ကဏ္ဍများကိုသာမက အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များအပေါ် တိုက်တွန်းမှုများ ပြုလုပ်နေသကဲ့သို့ အစိုးရနှင့် လွှတ်တော်ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများကို လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးအရ တွန်းအားတစ်ခုအဖြစ် ရည်ရွယ်ကျင်းပသည့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုလည်း အစိုးရနှင့်သာမက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လွှတ်တော်လုပ်ငန်းစဉ်များနှင့် ကော်မတီများ၏ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(က) ဥပဒေပြုခြင်းကဏ္ဍ

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဥပဒေ (၆) ခု၊ ၂၀၂၂ ခုနှစ်တွင် ဥပဒေ (၂) ခု၊ ၂၀၂၃ ခုနှစ်တွင် ဥပဒေ (၁) ခု နှင့် ၂၀၂၅ ခုနှစ်တွင် ဥပဒေ (၂) ခု၊ စုစုပေါင်း ဥပဒေ (၁၁) ခုတို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

(ခ) ရေးရာကော်မတီဆိုင်ရာလုပ်ငန်းစဥ်များ

၅။ လက်ရှိ ဖွဲ့စည်းထားရှိသော လွှတ်တော်ရေးရာကော်မတီ (၁၁) ခုသည် သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းလမ်းညွှန်များနှင့်အညီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပတော်လှန်ရေးအဖွဲ့အစည်းများ၊ အင်အားစုများနှင့်အတူ (၄၉၅) ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၆။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ခံကိုယ်စားလှယ်များ၏ အခြေအနေများနှင့် စာရင်းများကို ပြုစုထားလျက်ရှိရာ ယနေ့အထိ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၄၃) ဦးအနက် (၁၉) ဦးသည် ထိန်းသိမ်းခံထားရဆဲဖြစ်ပါသည်။ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉၀) ဦးအနက် (၃၉) ဦး သည် ထိန်းသိမ်းခံထားရဆဲဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၂) ဦး တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးတို့သည် အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ရှာဖွေ ဖမ်းဆီးနေမှုကြောင့် တိမ်းရှောင်ရင်း လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် အသက်ဆုံးရှုံးခဲ့ရပါ သည်။ ယင်းသို့ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးမှုကို ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် တိမ်းရှောင်ရင်းအသက်ဆုံးရှုံးခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)၊ လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ လူ့အခွင့်အရေးကော်မတီ သို့ ဆက်သွယ်ပေးပို့ခဲ့ရာ နိုင်ငံတကာပါလီမန်များညီလာခံများတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ် များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများအား ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။

၇။ ဥပဒေရေးရာကော်မတီသည် ပြည်သူများက တရားဝင်ရွေးချယ်တင်မြှောက်ခဲ့သော ကိုယ်စားပြုမှုကို ကိုင်စွဲကာ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေး တိုးတက်ကောင်းမွန်စေရေးနှင့် အဂတိတရားပပျောက်ရေးတို့အတွက် ခေတ်စနစ်နှင့်ကိုက်ညီသည့်ဥပဒေများကို ပြဋ္ဌာန်း အကောင် အထည်ဖော်နိုင်ရေးအတွက် CRPH ၏ လမ်းညွှန်ချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ပြည်သူများအတွက် အကာအကွယ်ပြုပေးမည့် ဥပဒေများ ပြဋ္ဌာန်းရာတွင် လက်တွေ့အကောင်အထည် ဖော်နိုင်မှု အခြေအနေကို ပွင့်လင်းမြင်သာမှုရှိရှိ မြင်သာအောင် ချပြနိုင်ရန်မှာ အခက်အခဲတစ်ခု ဖြစ်ပါ သည်။ ယခုအချိန်တွင် လက်ရှိအခြေအနေအရ ပြဋ္ဌာန်းဥပဒေများ အကောင်အထည်ဖော်ပြီး ထိရောက် မှုရှိစေရန် ဆောင်ရွက်နေရသည်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် ကော်မတီသည် ဖက်ဒရယ် စနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း လုပ်ငန်းစဉ် များကိုလည်းကောင်း၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲထုတ်ပြန် ခြင်းများကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၈။ ဘဏ္ဍာရေးရာကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဘဏ္ဍာရေး စာရင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မတီတွင်းဆွေးနွေးခြင်းများ၊ ဘဏ္ဍာငွေများအား ကိုင်တွယ်စီမံခန့်ခွဲသည့် သက်ဆိုင်သူများနှင့် သီးခြားတွေ့ဆုံ၍ CRPH ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်းများ၊ စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက် နိုင်စေရန် ကော်မတီအနေဖြင့် ဆွေးနွေးအကြံပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

၉။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကမ်ပိန်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရေးရာကော်မတီများအနေဖြင့် နိုင်ငံတကာ စကားဝိုင်းများ၊ ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပြီး ပြည်သူများခံစားနေရသည့် အခြေအနေများကို ထုတ်ဖော် ပြောကြားခဲ့ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပခဲ့သည့် “မြန်မာဒုက္ခသည်များအတွက် အခွင့်အရေး နှင့် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးခြင်း”၊ Korea- Thailand -Myanmar Forum ကို ကိုရီးယား နိုင်ငံ၊ ထိုင်းနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်းကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှန်များကို ကိုရီးယားနိုင်ငံအစိုးရနှင့် အဖွဲ့အစည်းများက သိမြင်ပြီး လိုအပ်သည့် အကူအညီ များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ASEAN အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များနှင့်စပ်လျဉ်း၍ နှစ်စဉ်ပြုလုပ်သည့် 18th ASEAN Forum on Migrant Labor (AFML) အစည်းအဝေး များသို့ သက်ဆိုင်ရာရေးရာကော်မတီအဖွဲ့ဝင်များက ပူးပေါင်းပါဝင်တက်ရောက်ခဲ့ပါသည်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ/ နိုင်ငံရေးအစီအမံ ရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခြင်း

၁၀။ ဥပဒေရေးရာကော်မတီသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံတို့နှင့် စပ်လျဥ်း၍ ဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြံပြုချက်များကို ပေးအပ်ခဲ့ပြီး ယင်းဖွဲ့စည်းပုံ/ အစီအမံ ရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ယူနစ်လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အလားတူ အခြားပြည်နယ်/ဖက်ဒရယ်ယူနစ်လွှတ်တော်များက ဆောင်ရွက်မည့် ကြားကာလ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ဥပဒေဆိုင်ရာအကြံပေးခြင်း၊ မူဝါဒဆိုင်ရာ အကြံပေးခြင်းတို့ကို ပူးပေါင်းလက်တွဲ သွားမည်ဖြစ်ပါသည်။

၁၁။ NUCC  ရေးရာကော်မတီသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ရမည့်အချက်များနှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာသုံးသပ်ခြင်း၊ အချက်အလက် များ စုဆောင်းခြင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ အပေါ် သုံးသပ်ခြင်း၊ ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် ပါဝင်ရမည့် အခြေခံမူဝါဒများ သဘောတူညီမှု ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မူဝါဒဆိုင်ရာ ခိုင်မာအားကောင်းစေရေး ဆောင်ရွက်ခြင်း

၁၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လက်ရှိကာလနှင့် အနာဂတ်ကာလ တို့တွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် အလွှာပေါင်းစုံမှ ပြည်သူလူထုအတွက် ထိရောက်သော ပံ့ပိုးကူညီမှုနှင့် ကုစားမှုများ ပြုလုပ်ပေးနိုင်ရန် လက်ကိုင်စွဲရမည့် ဥပဒေ၊ မူဝါဒများ ရေးဆွဲပြဋ္ဌာန်းရာ တွင် လက်တွေ့ကျပြီး ထိရောက်သောပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်စေရန်အလို့ငှာ မတူညီသောကဏ္ဍ များကို စုံစမ်းလေ့လာပြီး အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အကြံပြုတိုက်တွန်းနိုင်ရေးအတွက် လွှတ်တော်ဆိုင်ရာစုံစမ်းကြားနာမှုများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ပါသည်။

၁၃။ ယနေ့အချိန်ထိ အလုပ်သမားရေးရာကော်မတီသည် “ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုအား စုံစမ်းမေးမြန်းမှု” အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အကြံပြုချက်များနှင့်အတူ အစီရင်ခံစာတစ်စောင်အား တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ပညာရေးကော်မတီအနေဖြင့် “ကြားကာလတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကလေးသူငယ်များ ပညာ သင်ကြားနိုင်မှု အခက်အခဲများနှင့် စိန်ခေါ်မှုများအား စုံစမ်းမေးမြန်းမှု” အစီအစဉ်အားလည်းကောင်း၊ ပြည်သူ့ရေးရာကော်မတီအနေဖြင့် “မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများတွင် မသန်စွမ်းဖြစ်သွားရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ စုံစမ်းကြားနာမှု”အစီအစဉ်အား လည်းကောင်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီအနေဖြင့် “ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေအနေနှင့် စိန်ခေါ်မှုများအပေါ် စုံစမ်းမေးမြန်းမှု” အစီအစဉ်အားလည်းကောင်း ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် ကြားကာလနှင့် အနာဂတ်ကာလများ တွင် အရေးတကြီးဆောင်ရွက်ရမည့် ပြည်သူအကျိုးပြုကိစ္စရပ်များအား ဆောင်ရွက်သွားနိုင်ရန် စီစဉ်‌ ဆောင်ရွက်လျက်ရှိပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း

၁၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အလို့ငှာ လွှတ်တော်ဆိုင်ရာ စုံစမ်းကြားနာမှုဆွေးနွေးပွဲများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ များကို ကျင်းပဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ဖက်ဒရယ်ရေးရာကော်မတီ က ဦးဆောင်လျက် Hanns Seidel Foundation နှင့်ပူးပေါင်းကာ “ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” များကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း (၁၇) ကြိမ် ကျင်းပပြုလုပ်ခဲ့ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

၁၅။ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီသည် ၉-၇-၂၀၂၅ ရက်နေ့မှစ၍ ၁၁ ရက်ကြာ ဖက်ဒရယ်လုံခြုံရေးကဏ္ဍဆိုင်ရာသင်တန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ဖက်ဒရယ်ရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအတွက် ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါသည်။

CDM နိုင်ငံ့ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာသင်တန်းများ ဆောင်ရွက်ပေးခြင်း

၁၆။ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့်ချိတ်ဆက်လျက် စိတ်ပိုင်းဆိုင်ရာပြဿနာများ လျော့ပါးပြီး စိတ်ဓာတ်ခွန်အားတိုးပွားစေ ရန် Mental Health ဆိုင်ရာသင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း (၇) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး CDM ဝန်ထမ်းများအပါအဝင် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း လူ့အခွင့်အရေး နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အခြေခံသင်တန်း (၅) ကြိမ်၊ မွမ်းမံ သင်တန်း (၂) ကြိမ်နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း (၁) ကြိမ်တို့အား ပြုလုပ်ခဲ့ပြီး (၁၇၂) ဦး တက်ရောက်ခဲ့ပါသည်။ ထို့အပြင် International IDEA နှင့် ပူးပေါင်း၍ “ဖက်ဒရယ်စနစ်ရှိ အုပ်ချုပ်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ၏ ရလဒ်များ” ဆွေးနွေးပွဲစီးရီးကို (၅) ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီး ဌာန (၂၃) ခုနှင့် အဖွဲ့အစည်းများမှ CDM နိုင်ငံ့ဝန်ထမ်း (၁၈၂) ဦး တက်ရောက်ခဲ့ပါသည်။ ပညာရေး ကော်မတီသည် ၁၁-၁၁-၂၀၂၅ ရက်နေ့မှ ၁၃-၁၁-၂၀၂၅ ရက်နေ့ထိ International IDEA က ကြီးမှူး ကျင်းပပေးသည့် “ပညာရေးကဏ္ဍတွင် လုပ်ပိုင်ခွင့်တာဝန်များခွဲဝေခြင်း” ဆွေးနွေးပွဲစီးရီးအား CDM ဆရာ၊ ဆရာမများနှင့် ပညာရေးဘုတ်အဖွဲ့ဝင်များအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း

၁၇။ ပြည်သူ့ရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ပီးကင်းကျေးရွာ နှင့် လွယ်ယင်းကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် (၃၀၀၀၀၀၀/- သိန်းသုံးဆယ်)၊ လူမှု ကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ပီးကင်းကျေးရွာနှင့် လွယ်ယင်းကျေးရွာတို့မှ စစ်ဘေးရှောင် ပြည်သူများအတွက် ၃,၇၀၈,၀၀ဝိ/- (သုံးဆယ့်ခုနှစ်သိန်းရှစ်ထောင်ကျပ်) ချိတ်ဆက်ကူညီ ထောက်ပံ့ နိုင်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ၏ မိသားစုများကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် ချိတ်ဆက် ကူညီလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးအကျဉ်းသား (၁၂၄) ဦး၊ ဇွန်လတွင် နိုင်ငံရေးအကျဉ်းသား (၁၁၈) ဦးနှင့် စက်တင်ဘာလတွင် နိုင်ငံရေးအကျဉ်းသား (၁၁၅) ဦး စုစုပေါင်း (၃၅၇) ဦးအား ထောက်ပံ့ငွေ (၃၅၇ သိန်းကျပ်) ကူညီပံ့ပိုးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လမှ ဧပြီလကုန်အထိ CDM ပြည်သူ့ဝန်ထမ်း (၁၆၂) ဦးအတွက် လက်ကျန်အလှူငွေ မြန်မာကျပ်ငွေ (၁၁၁.၅) သိန်းအား ကူညီပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မေလမှစတင်၍ ဘဏ္ဍာငွေအခြေအနေအရ အရေးပေါ်ထောက်ပံ့နေမှုများကို ခေတ္တရပ်ဆိုင်းထားရပါသည်။

၁၈။ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် များနှင့်သက်ဆိုင်သော ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများအား လေ့လာခြင်း၊ ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များမှတစ်ဆင့် အမည်စာရင်းပေးပို့လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ စစ်ဘေး ရှောင်ပြည်သူများ၊ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းသားများအား မှတ်တမ်းထားရှိပြီး ကူညီ ထောက်ပံ့နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်သူ့ ရေးရာကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့နှင့် ချိတ်ဆက်၍ ၂၆-၁-၂၀၂၅ ရက်နေ့မှ ၁၅-၁၂-၂၀၂၅ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ (၅,၉၉၀) ဦး၊ ကွယ်လွန် သွားသော CDM ဝန်ထမ်း (၂) ဦးနှင့် နိုင်ငံရေးအကျဉ်းသား (၂) ဦးတို့အား ကူညီဆောင်ရွက်ပေးခဲ့ပါ သည်။ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၏ အကူအညီ ဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် သိန်းနှစ်ရာ့နှစ်သိန်းခြောက်သောင်းလေးရာကျပ် (၂၀,၂၆၀,၄ ၀၀ိ/)၊ ကွယ်လွန်သွားသော CDM ဝန်ထမ်းအတွက် ၁၀၀,၀၀၀ိ/- နှင့် AAPP ၏ အကူအညီဖြင့် နိုင်ငံရေး အကျဉ်းသားများအား ဖေဖော်ဝါရီလ၊ ဇွန်လနှင့် စက်တင်ဘာလများအတွက် ထောက်ပံ့ငွေ ခြောက်ဆယ့် ခုနှစ်သိန်း (၆,၇၀၀,၀၀၀ိ/-) ကျပ် ချိတ်ဆက်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

အထွေထွေဆောင်ရွက်ချက်များ

၁၉။ အကြမ်းဖက်စစ်တပ်က ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့် ယင်း ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့်ရလဒ်အား ပြည်တွင်းနှင့် နိုင်ငံတကာက အသိအမှတ်မပြုရေး အတွက် လွှတ်တော်ကဏ္ဍမှလည်းကောင်း၊ မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍လည်းကောင်း တုံ့ပြန်ဆောင်ရွက်သွားနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာ ခရီး စဉ်များတွင်လည်းကောင်း၊ စကားဝိုင်းများတွင်လည်းကောင်း၊ တိုက်ရိုက်စာပေးပို့ခြင်းနည်းလမ်းနှင့် လည်းကောင်း အကြမ်းဖက်စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား အသိအမှတ် မပြုရေး တိုက်တွန်းနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် CRPH Website၊ Facebook၊ X Platform၊ Telegram စသည့် ဆိုရှယ်မီဒီယာကွန်ရက်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်း အချက်အလက်များအား ထုတ်ပြန်လျက်ရှိသည့်အပြင် ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ကြေညာချက်နှင့် သဝဏ်လွှာ စုစုပေါင်း (၅၇) စောင်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် သတင်းစဉ်များ အား အမှတ်စဥ် (၁၆) စောင်အထိ ထုတ်ဝေနိုင်ခဲ့ကာ ပြည်သူလူထုထံသို့ အသိပေးတင်ပြခြင်းများအား သတင်းမီဒီယာကဏ္ဍအနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။

နိဂုံး

၂၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအသီးသီးက မိမိတို့နိုင်ငံ၌ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းနိုင်ရေးနှင့် အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကြိုးပမ်းမှုတွင် လွှတ်တော်ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက် ရာတွင် ကြီးမားသောစိန်ခေါ်မှုနှင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ဆက်လက်ရုန်းကန် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက ယုံကြည်စွာအပ်နှင်းထားသည့် အခွင့်အာဏာကိုကိုင်စွဲလျက် ပြည်တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်း ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိထားသည်နှင့်အညီ မိမိတို့တော်လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက် များ အောင်မြင်နိုင်ရေးအတွက် ပြည်သူ့ဆန္ဒကို အလေးထားကာ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်လက်ပူးပေါင်းလျက် လွှတ်တော်ကဏ္ဍမှ ယခုထက် ပိုမိုကြိုးပမ်းပါဝင်သွားမည်ဟု ကတိပြုလျက် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အဋ္ဌမအကြိမ်အစည်းအဝေး(ပထမနေ့)တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော် သို့ လေးစားစွာ အစီရင်ခံတင်သွင်းအပ်ပါသည်။

Scroll to Top