၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၇/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာန၏ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေသည့် တိုင်းဖက်ဒရယ်ယူနစ် (၅) ခုတွင် မြို့နယ်ပေါင်း (၇၇)၊ ကျေးရွာပေါင်း (၂,၇၇၇) တွင် မီးရှို့ခံ အိမ်ခြေပေါင်း (၁၃၀,၀၀၀) ကျော်နှင့် မြို့နယ်ပေါင်း (၇၆) မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်သူ (၇၈၀,၀၀၀) ကျော် ရှိကြောင်း၊ ကျပ်သန်းပေါင်း (၂၁၃.၁၇) ကျော် သုံးစွဲမှုတွင် စစ်ဘေးရှောင်စခန်းများအတွက် ကျပ်သန်းပေါင်း (၁၀၂.၈၁)၊ သေဆုံးသူနှင့် ထိခိုက်၊ ဒဏ်ရာရသူများအတွက် ကျပ်သန်းပေါင်း (၅၁.၅၉)၊ သဘာဝဘေး ခံစားရသူများအတွက် ကျပ်သန်းပေါင်း (၄၇.၄၂)၊ CDM ဝန်ထမ်းများအတွက် ကျပ်သန်းပေါင်း (၅.၆၀)၊ နိုင်ငံရေး အကျဉ်းသားများအတွက် ကျပ် (၇၅၀,၀၀၀)နှင့် အထွေထွေကဏ္ဍတွင် ကျပ် (၅) သန်းကျော်တို့ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းများ ပို့ချပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ၊ Anti Sham/ Scam Election နှင့်ပတ်သက်၍ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုများ အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီ က တင်ပြဆွေးနွေးကာ အစည်းအဝေးအား ၂၂၁၅ နာရီတွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



