၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၈/၂၀၂၆) ကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင် ဦးမျိုးနိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်က ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများတွင် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် အရေးပေါ်ကျန်းမာရေး၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ ဆေးရုံ (၁၀၁) ရုံ၊ ဆေးခန်း (၆၁၄) ခန်း၊ ရွေ့လျားဆေးခန်း (၁၅၉) ခုတို့ဖြင့် ဆောင်ရွက်နေခြင်း၊ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဝန်ဆောင်မှုပေးသည့် နေရာ (၇၁၅) နေရာအနက် (၂၁၃) နေရာမှ အချက်အလက်များအရ ပြင်ပလူနာ (၁,၃၉၄,၇၀၈) ဦး၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအကြိမ်ရေ (၅၇,၉၄၉) ကြိမ်၊ ကလေးမွေးဖွားခြင်းအကြိမ်ရေ (၇၃,၂၀၂) ကြိမ်နှင့် ခွဲစိပ်ခြင်းအကြိမ်ရေ (၅၅,၆၃၀) ကြိမ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်အနေဖြင့် ကျန်းမာရေးတာဝန်ခံ (၁၇) ဦး၊ မြို့နယ်ကျန်းမာရေး တာဝန်ခံ (၁၃၂) ဦး၊ ကျန်းမာရေးလုပ်သားအင်အားစု (၅,၂၄၈) ဦးဖြင့် မြို့နယ်ပေါင်း (၁၉၀)တွင် ဆောင်ရွက်ပေးခြင်း၊ အမျိုးသားကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ၊ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးမှု၊ ကူးစက်ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး တုန့်ပြန်မှုများ၊ ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တုတပ်ဆင်ရေး၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၊ Online ဆေးကုသခြင်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ သင်တန်းပို့ချခြင်းနှင့် ဆေးပညာသင်ကြားရေးလုပ်ငန်းများ၊ ဖက်ဒရယ်ကျန်းမာရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုလုပ်ငန်းများ၊ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ခြင်း လုပ်ငန်းများ၊ ဌာနတွင်း စာရင်းစစ်ကော်မတီလုပ်ငန်းများ၊ တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စရပ်များအတွက် ကျပ်ငွေသန်း ပေါင်း (၂၈,၂၇၀.၉၀) သန်း အသုံးပြုခဲ့ခြင်းအပါအဝင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အကြံပြုချက်များ၊ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းအကြံပြုခဲ့ကြပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ၊ ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ




