Home / ပြည်သူ့ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး

ပြည်သူ့ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး

CDMer များ၏ အရေးကိစ္စများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် CDM Success Committee နှင့်အတူ မန္တလေးတိုင်းဒေသကြီးမှ CDM သူရဲကောင်းများနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့က တက်ရောက်လာသူ CDMer များအား အောင်ပွဲအလံစိုက်ထူနိုင်သည်အထိ  လုပ်နိုင်သမျှ အစွမ်းကုန် အတူတကွ ကြိုးစားကြရန် အဖွင့်နှုတ်ခွန်းဆက် အားပေးစကားများပြောကြားခဲ့ကြပြီး ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်၊ ကော်မတီ၏ CDM ကူညီပံ့ပိုးနေမှုများ၊  CDMer များအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေမှု လုပ်ငန်းများအား ပြောကြားခြင်းနှင့် CDM Success Committee မှ တာဝန်ရှိသူများက ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ Taskforce များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီးမှ တက်ရောက်လာကြသော CDMer များမှ  မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းနှင့် ရင်တွင်းခံစားချက်များ၊ မြေပြင်ကြုံတွေ့နေကြရသည့်အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးမှ CDM အရေး ဦးဆောင်သူများနှင့် CDMer များ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top