Home / (၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

အာဂျင်တီးနား‌ အောက်လွှတ်တော်ဥက္ကဋ္ဌ Dip. Sergio Massa နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှုဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (Parliamentarians for Global Action- PGA) ၏ ဥက္ကဋ္ဌ Hon. Kasthuri Patto တို့၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှ ၅ ရက်အတွင်း အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့၌ အာဂျင်တီးနားအမျိုးသားကွန်ဂရက်လွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် “(၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည် ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံ” သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနား၌ အာဂျင်တီးနားအောက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Dip. Eduardo Valdés၊ PGA National Group ဥက္ကဋ္ဌ Sen. Lucilla Crexell (Argentina)၊ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Santiago Cafiero၊ PGA ဥက္ကဋ္ဌ Hon. Kasthuri Patto၊ ICC ၏ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ ညီလာခံ ဥက္ကဋ္ဌ Judge Silvia Fernández de Gurmendi နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဥက္ကဋ္ဌ Judge Piotr Hofmański တို့က အသီးသီး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ကျင်းပခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများအပေါ် တရားမျှတမှု၏ စိန်ခေါ်မှုများနှင့် အခွင့်အရေးများ၊ နိုင်ငံတကာ တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ရာဇဝတ်မှုများကို တာဆီးကာကွယ်နိုင်ရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ ကမ္ဘာ့နိုင်ငံများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြသည်။ ဒီမိုကရေစီ ခိုင်မာအားကောင်းလာရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအပေါ် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ၊ အာဏာရှင်များက ဖိနှိပ်ခံရမှုများ၊ ပြည်သူနှင့်ပူးပေါင်းကာ အာဏာရှင်အပေါ် အောင်မြင်မှုရရှိခဲ့မှုများကို လေ့လာသိရှိခွင့် ရရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် နိုဝင်ဘာလ (၅) ရက်နေ့တွင် “The Role of Legislators in Atrocity-Prevention: Democratic Backsliding, a Precursor to gross Human Rights Violations?” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခဲ့သည်။ ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များတွင် “ကမ္ဘာပေါ်တွင် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုများနှင့်အတူ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေလျက်ရှိနေခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်း နှင့် ပြစ်မှုကျူးလွန်သူတွေသည် တရားရေးဆိုင်ရာ အပြစ်ပေးအရေးယူခံရခြင်းနှင့် တာဝန်ခံမှုတို့မှ ကင်းလွတ်နေခြင်း၊ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်း၊ မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်နေမှု၊ အတိုက်အခံအင်အားစုများအပေါ် အင်အားအလွန်အကျွံသုံးကာ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင် နေမှု၊ လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် ဒီမိုကရေစီကို ကာကွယ်ရန် မြန်မာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းအားထုတ်နေမှုများ၊ အာဏာရှင်များကို လုံးဝငြင်းဆန်တွန်းလှန်ကာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်နေမှုများ၊ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုနှင့် အပြစ်ပေးအရေးယူမှုတို့ အားကောင်းလာစေရန် နိုင်ငံတကာရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု” တို့ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ရာဇဝတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ် ခေါင်းဆောင်နှင့် တာဝန်ရှိသူများကို အမြန်ဆုံး အပြစ်ပေးအရေးယူခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မည့်ဖြစ်ရပ်ကို အချိန်မီ ကုစား ကာကွယ်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

ဖိုရမ်နှင့် ညီလာခံအစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင် ဦးဘုန်းကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2593/
class=wp-image-2594/
class=wp-image-2595/
class=wp-image-2596/
class=wp-image-2597/
Scroll to Top