Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (တနင်္ဂနွေနေ့)၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အားလုံးက တာဝန်အမျိုးမျိုး ဆောင်ရွက်နေရာမှာ ယခုလိုတွေ့ဆုံဖို့ ဖိတ်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တစ်နိုင်ငံလုံး အရေးအခင်းကို စဥ်းစားရာတွင် မည်သည့်တိုင်းရင်းသားမျှ မကျန်ခဲ့တာကို CRPH က တွေ့မြင်သိရှိပါကြောင်း၊ တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း ပြောကြားပြီးနောက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ အလှည့်ကျသဘာပတိ Salai Lian Luai က ICNCC အနေဖြင့် ချင်းအမျိုးသားများနှင့်ပတ်သက်သည့် ကိစ္စအဝဝကို ညှိနှိုင်းတိုင်ပင်ကြရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဦးဆောင်အလှည့်ကျသဘာပတိ Dr. Kenton က ကောင်စီ၏ လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများနှင့် တော်လှန်ရေးလုပ်ငန်းများအား အဓိကထား၍ လုပ်ဆောင်နေပြီး ချင်းပြည်နယ်တွင် (၈၀) ရာခိုင်နှုန်းခန့်သည် ပြည်သူများ၏ စိုးမိုးမှုရရှိနေပြီဖြစ်ကာ မြို့နယ်များနှင့်လည်း မြေပြင်အခြေအနေများအတွက် ပုံမှန်တွေ့ဆုံ ဆွေးနွေးနေပါကြောင်း၊ ၂၂-၁၁-၂၀၂၃ ရက်နေ့တွင် ချင်း CDM မူဝါဒ (Chin CDM Policy) အား ထုတ်ပြန်နိုင်ခဲ့ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အလှည့်ကျသဘာပတိအဖွဲ့ဝင် ဦးနေလင်းအောင်က ICNCC ၏ ထုတ်ပြန်ချက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့၍ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီးနောက် အလှည့်ကျသဘာပတိ ဦးစိန်အောင် က နိဂုံးချုပ်စကား ပြောကြားခဲ့ကာ အစည်းအဝေးအား ၂၀၀၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ သဘာပတိနှင့် အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top