Home / နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ပေးပို့သည့် သဝဏ်လွှာ

နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ပေးပို့သည့် သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁။         ယနေ့ကျရောက်သည့် ထူးမြတ်သော နှစ်(၆၀)ပြည့် စိန်ရတုနှစ်၊ တအာင်းအမျိုးသား တော်လှန်ရေးနေ့တွင် တအာင်းသွေးချင်းညီအစ်ကိုများနှင့်တကွ တိုင်းရင်းသားပြည်သူပြည်သားများ အားလုံး၏ နွေဦးတော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝကာ ဘေးရန်ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။           တအာင်းပြည်သူများသည် ၁၉၆၃ ခုနှစ်မှ စတင်ကာ တအာင်းအမျိုးသားတစ်ရပ်လုံး အတွက် ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုတို့အတွက် ဖိနှိပ်မှုအမျိုးမျိုးနှင့် အာဏာရှင်စနစ်ဆိုးကို ကြံ့ကြံ့ခံကာ တွန်းလှန်ခုခံရင်း ပေးဆပ်မှုတို့ဖြင့် စုပေါင်း အင်အား တည်ဆောက် ခဲ့သည်မှာ ယနေ့တွင် နှစ်ပေါင်း(၆၀)တိုင်ခဲ့ပြီ ဖြစ်ပါသည်။

၃။         တရားမဝင်စစ်ကောင်စီသည် လက်နက်အားကိုး၍ နိုင်ငံတော်ပုန်ကန်မှုပြစ်မှုအား ကျူးလွန်ကာ တရားဥပဒေမဲ့အာဏာသိမ်းယူထားသည့်အပြင် တိုင်းရင်းသားပြည်သူများအပေါ် ရက်စက်သောအကြမ်းဖက်မှုများဖြင့်  ဖိနှိပ်သတ်ဖြတ်လျက်ရှိခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ ပြည်သူများသည် နေ့စဉ် အသက်၊ အိုးအိမ်ပိုင်ဆိုင်မှုများ ဆုံးရှုံးနေရပါသည်။ မိမိတို့အားလုံး၏ ဘုံရန်သူဖြစ်သည့်အာဏာသိမ်းစစ်တပ်အား  ပြည်သူလူထုအားဖြင့် ဟန်ချက်ညီညီ ပူးပေါင်း ဆန့်ကျင်တော်လှန်နေသည့် ယခုနွေဦးတော်လှန်ရေးသည် တအာင်းပြည်သူများနှင့် အားလုံးသော တိုင်းရင်းသားများအတွက် သမိုင်းတွင် ကမ္ပည်းထိုးနိုင်မည့် တော်လှန်ရေးလှုပ်ရှားမှုကြီး ဖြစ်ပါသည်။

၄။          အာဏာရှင်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုတို့အား ရဲရင့်သော သတ္တိ၊ ဇွဲ၊ ခွန်အား၊ စည်းလုံးညီညွတ်မှုတို့နှင့်အတူ  အသက်သွေးချွေးပေးဆပ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရင်ဆိုင်တော်လှန်နေကြသည်မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ လူမဆန်သော လူသတ်အာဏာရှင်များအား အမြစ်ပြတ် တိုက်ထုတ်နိုင်ရေးအတွက် မိမိတို့တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားနှင့် ညီညွတ်ခြင်း ခွန်အားတို့ဖြင့်သာ အောင်ပွဲသို့ လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပါသည်။ နွေဦးတော်လှန်ရေး တပ်ဦးတွင် အတူယှဉ်တွဲပါဝင်ခဲ့ကြသော တအာင်းခေါင်းဆောင်များနှင့် တအာင်းပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုနှင့်ပူးပေါင်းပါဝင်မှုတို့အတွက် အထူးကျေးဇူးတင်ဝမ်းမြောက်လျက် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာအား  ဂုဏ်ယူလေးစားစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top