Home / ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားသို့ပေးပို့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားသို့ပေးပို့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်

၁။         ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ကာယ၊ ဉာဏ အလုပ်သမားများအားလုံးနှင့်တကွ တိုင်းရင်းသားပြည်သူပြည်သားများ ယနေ့ကျရောက်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေးဒေး)တွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရရှိ နိုင်ကြပြီး အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝပိုင်ဆိုင်ခံစားနိုင်ကာ အလုပ်ခွင် အတွင်း  ကျန်းမာဘေးကင်း လုံခြုံကြပါစေကြောင်း  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အလေးအနက် ဆန္ဒပြုအပ်ပါသည်။

၂။            လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ကျော်တွင် အလုပ်သမားများ၏ ညီညွတ်မှုအင်အားကို ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ရောက်ရှိစေခဲ့ကာ ရရှိသင့်ရရှိထိုက်သော အလုပ်သမားအခွင့်အရေးများ အဖြစ် တစ်နေ့လျှင် အလုပ်ချိန် (၈)နာရီ သတ်မှတ်နိုင်စေရန် တောင်းဆိုတိုက်ပွဲဝင်နိုင်ခဲ့သည့် သမိုင်းဝင်နေ့ရက် မေလ(၁)ရက်နေ့အား ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်တွင်  ပြင်သစ် နိုင်ငံ၊ ပါရီမြို့၌ ပြုလုပ်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံကြီးက ဆုံးဖြတ် နိုင်ခဲ့ကြသည်။

၃။           မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုနောက် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများသည် ဆိုးရွားစွာဆုံးရှုံးနေရပြီး အလုပ်သမားထုတို့သည်လည်း အာဏာရှင် လက်အောက်ခံတရားမဝင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုနှင့် ဥပဒေစိုးမိုးမှု လုံးဝပျက်စီးနေခြင်းကြောင့် ဖိနှိပ်မှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ဖိအားပေးစေခိုင်းမှုများကဲ့သို့ အခြေခံအခွင့်အရေးများ လုံးဝဆုံးရှုံးလျက်ရှိပါသည်။ ယနေ့နွေဦးတော်လှန်ရေးသည် အလွှာ အသီးသီး၏ အခြေခံအခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိခြင်းနှင့်အတူ လွတ်လပ်၍ ငြိမ်းချမ်း သာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်သွားရန် အလုပ်သမားထုကြီး အပါအဝင် ဒီမိုကရေစီတော်လှန်ရေးအင်အားစုများက ကြိုးပမ်းလျက်ရှိပါသည်။

၄။         မိမိတို့နိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ရဲဝံ့စွာ ဆန့်ကျင်တွန်းလှန်ကာ လူမျိုးစု အသီးသီး၊ အလွှာအသီးသီးအတွက် အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာ အာမခံချက် ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းခဲ့ကြသည့် ခေတ်အဆက်ဆက် အရေးတော်ပုံများတွင်သာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း တခဲနက် ရှေ့တန်းမှတိုက်ပွဲဝင် ပါဝင်နေကြသည့်  ပြည်တွင်းပြည်ပရှိ အလုပ်သမားလူထုကြီးအား အလေးအနက် ဂုဏ်ယူဦးညွှတ်လျက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားသို့ ယခုသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top