Home / နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာ

နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်

၁။ ယနေ့ကျရောက်သည့် နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးနှင့်တကွ ကမ္ဘာ့နေရာ ဒေသအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဖက်ဆစ် အာဏာရှင်များထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်အာဏာရှင် စနစ်ဆိုးအား အပြီးတိုင် ပပျောက်သည်အထိ တွန်းလှန်တိုက်ထုတ်ပြီး တော်လှန်ရေးအောင်ပွဲများ ဆင်နွှဲနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။ မြန်မာနိုင်ငံသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်စနစ်ဆိုး၏ လက်အောက် တွင်ကျရောက်ခဲ့ရပြီး ၎င်းတို့၏ နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်မှုများကြောင့် ပြည်သူလူထုတစ်ရပ်လုံး သည် ဒုက္ခအတိခံစားခဲ့ကြရပါသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့ တပ်မတော်သည် နိုင်ငံရေးအင်အားစုများအပါအဝင် အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ နှင့်အတူလက်တွဲကာ စုစည်းညီညွတ်မှုဖြင့် ဖက်ဆစ်စနစ်ဆိုးအား တွန်းလှန်တိုက်ထုတ်ခဲ့ကြပါ သည်။ တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုအင်အား၊ ဇွဲ၊ လုံ့လနှင့် သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်များဖြင့် ဖက်ဆစ်ဂျပန်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တော်လှန်တိုက်ထုတ်နိုင်ခဲ့ သည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း (၈၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၃။ မြန်မာပြည်သူလူထုအနေဖြင့် တိုင်းတစ်ပါးသား ဖက်ဆစ်ဂျပန်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့သော်လည်း မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် လူမဆန်သောလုပ်ရပ်များဖြင့် ဖိနှိပ်အုပ်ချုပ်သော အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်တွင် ယနေ့အချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါသည်။ သို့သော်လည်း ယနေ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်မည့် နောက်ဆုံး တိုက်ပွဲဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ် စည်းစိမ်တို့ကို ဖြိုလှဲဖျက်ဆီးနိုင်သော်လည်း ပြည်သူလူထု၏ အသွေးအသားထဲမှ သူ့ကျွန်မခံသည့် စိတ်ဓာတ်နှင့် ဒီမိုကရေစီကို တန်ဖိုးထားသည့် စိတ်ဓာတ်တို့ကိုမူ မည်သို့မျှ ဖြိုလှဲဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ပြည်သူလူထုဦးဆောင်သည့် နိုင်ငံရေးစနစ်တွင် ပြည်သူသာလျှင် အဓိကဖြစ်၍ ပြည်သူ့ဆန္ဒသည်သာ အဆုံးအဖြတ် ဖြစ်ပါသည်။ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာ ဖြစ်ပါသည်။ ညီညွတ်မှုအင်အားကသာလျှင် စိန်ခေါ်မှုအခက်အခဲများကို ကျော်ဖြတ်နိုင်ပြီး တရားမျှတမှုနှင့် လွတ်လပ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

၄။ ယနေ့အချိန်တွင် အကြမ်းဖက်စစ်အာဏာရှင်များ၏ လူမဆန်သောလုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးနေရပြီး လူ့အခွင့် အရေးများလည်း ဆိုးရွားစွာ ချိုးဖောက်ခံနေရပါသည်။ တော်လှန်ရေးအင်အားစုများအားလုံး အနေဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်သူလူထု၏ ညီညွတ်မှုစွမ်းအားဖြင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်နိုင်ခဲ့သည့် အတိတ်သမိုင်းသင်ခန်းစာများကို စံနမူနာယူ၍ ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း မတရားမှုနှင့် ဖိနှိပ်မှုတို့ကိုဆန့်ကျင်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင် နိုင်ရေးအတွက်သာမက တိုင်းရင်းသားပြည်သူများအချင်းချင်း ချစ်ကြည်ညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာသည်အထိ သမိုင်းပေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top