Home / (၇၈) နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၈) နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

၁။ ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ တန်ဖိုးထား မြတ်နိုးရာ ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သည် (၇၈) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာအပေါင်း ခညောင်းသော ရှမ်းအမျိုးသားနေ့အချိန်ကာလတွင် ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသားများပြည်သူများအားလုံးအနေဖြင့် ရည်ရွယ်ကြိုးစားနေ သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ ဘေးကင်းစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း မေတ္တာပို့သလျက် ကောင်းကျိုးစုံညီ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။ ၁၉၄၇ ခုနှစ် သမိုင်းဝင် ပင်လုံညီလာခံအတွင်း ပေါ်ပေါက်လာသော စည်းလုံးညီညွတ်မှု ပင်လုံစိတ်ဓာတ်ကို ဖော်ညွှန်းနိုင်သည့် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)အား ဂုဏ်ပြုလျက် အခမ်းအနားများအား နှစ်စဥ်ကျင်းပကြခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရှမ်းတိုင်းရင်းသား များသည် ညီနောင်တော်လှန်ရေးတိုင်းရင်းသားအင်အားစုများနှင့်အတူ အာဏာရှင်စနစ် အမြစ်ပြတ် ရေးအတွက် ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်သာမက မျက်မှောက်ကာလ နွေဦးတော်လှန်ရေးတွင် ခေါင်းဆောင်မှုအရည်အချင်းကောင်းတို့ဖြင့် ဦးဆောင်ပါဝင်ခဲ့ကြသည့် အတွက်လည်း လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြလိုပါသည်။

၃။ တိုင်းပြည်အား အလုံးစုံပျက်စီးစေရန် နည်းလမ်းမျိုးစုံဖြင့် ကြံရွယ်ဖျက်ဆီးနေသည့် မင်းအောင်လှိုင်နှင့် နောက်လိုက်အုပ်စုများသည် ယခုကာလတွင် ပြည်သူလူထုအား အကြမ်းဖက် လုပ်ရပ်များဖြင့် ပိုမိုဖိနှိပ်သတ်ဖြတ်ကာ အကြောက်တရားစိုးမိုးစေရန် လုပ်ဆောင်လျက်ရှိသည်။ အနာဂတ်ကာလတွင် အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်ညံ့သော လုပ်ရပ်များအတွက် တာဝန် ယူမှု၊ တာဝန်ခံမှုများဖြင့် ပြန်လည်၍ ပေးဆပ်ကြရမည်ဖြစ်ပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ရှမ်းတိုင်းရင်းသားများအပါအဝင် ပြည်သူတစ်ဦးစီ၏ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေး၊ လူ့အခွင့်အရေးတို့အား အပြည့်အဝ ပုံဖော်တည်ဆောက်သွားနိုင်ရန် ဦးတည်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကာ ရှမ်းတိုင်းရင်းသားသွေးချင်းညီနောင်များတို့သည်လည်း မိမိတို့အားလုံး နှင့် အတူတကွ လက်ချင်းတွဲ ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်လျက် ဤ (၇၈) နှစ် မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top