၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်
၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းအဝေးကျင်းပနေချိန်တွင် ဂဠုန်ဦးစော ဦးဆောင်သည့် မသမာသောလူတစ်စုက မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်ကြီးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့၍ နိုင်ငံတော်လုပ်ကြံမှုဖြစ်ပွားခဲ့ပါသည်။ မျက်ရည်သွန်လို့ ဘဝင်ညှိုးခဲ့ကြရသည့် နေ့တစ်နေ့ ဖြစ်သည်သာမက နိုင်ငံအတွက်လည်း ဆုံးရှုံးမှု ကြီးမားခဲ့သည့် မမေ့နိုင်စရာ ကြေကွဲဝမ်းနည်းဖွယ် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါသည်။
၂။ ယနေ့အချိန်တွင်လည်း ဂဠုန်ဦးစောကဲ့သို့ မသမာသော လူတစ်စုဖြစ်သည့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အာဏာရှင်လူတစ်စုတို့သည် လွတ်လပ်၍ တရားမျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်မှတစ်ဆင့် အနိုင်ရရှိခဲ့သည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက် အကျဉ်းထောင်ချကာ တိုင်းပြည်အာဏာကို အကြမ်းဖက်သည့်နည်းလမ်းဖြင့်ရယူ၍ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လျက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာကိုလည်း မတရားသဖြင့် ဖမ်းဆီးထောင်ချထားလျက်ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားအာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများဖြင့် ရယူပေးခဲ့သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် တစ်ဖန် ပြန်လည်ဆုံးရှုံးခဲ့ရပြန်ပါသည်။
၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အနာဂတ်အတွက် ၎င်းတို့၏ အသက်များကို ပေးဆပ်ခဲ့ကြပါသည်။ ထိုနည်းတူစွာပင် ယနေ့ဆင်နွှဲနေသည့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးခရီးကြမ်းတွင်လည်း အသက်ပေါင်းများစွာ စွန့်လွှတ်ခဲ့ကြရသည့် အာဇာနည်သူရဲကောင်းများစွာရှိပါသည်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများ အဟောသိကံ မဖြစ်စေရေးမှာ ရှင်သန်ကျန်ရစ်နေသော တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သည့် လွတ်လပ်ပြီး တရားမျှတသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်ခြင်းဖြင့်သာ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ကျဆုံးသူရဲကောင်းတို့၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ စွန့်လွှတ်မှုကို အဓိပ္ပာယ်ပြည့်ဝစေမည်ဖြစ်ပါသည်။
၄။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျဆုံးခဲ့ကြရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးခရီးလမ်းတွင် အောင်မြင်မှု ပန်းတိုင်သို့ နီးကပ်လာသည်နှင့်အမျှ အခက်အခဲနှင့် စိန်ခေါ်မှုများသည်လည်း ပိုမိုကြီးမားလာမည် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများအားလုံးအနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး ဘုံရည်မှန်းချက်ပန်းတိုင်ကို ဝေဝါးမသွားစေဘဲ ယခင်ကထက်ပိုမို၍ စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည့် အရေးအကြီးဆုံးအချိန်အခါဖြစ်ပါသည်။ အချင်းချင်းအကြား အပြုသဘောဆောင်သည့် အကြံပြုချက်များဖလှယ်ခြင်း၊ အတ္တမာနများကို ဘေးဖယ်ထား၍ ကိုယ်ကျိုးမကြည့် အတ္တမဖက်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ လက်ရှိ ရင်ဆိုင်နေရသော အတားအဆီးများကို ကျော်လွှားနိုင်မည် ဖြစ်ပါသည်။
၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်သူက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာကို ခိုင်ခိုင်မာမာကိုင်စွဲလျက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးပြတ်သေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ကာ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှင်းနိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ လက်တွဲမဖြုတ်ဘဲ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး နားလည်ယုံကြည်မှုတို့ကို ပိုမို ခိုင်မာအောင် တည်ဆောက်ကာ ရလဒ်ကောင်းများထွက်ပေါ်လာရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


