၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်
၁။ ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အချိန်အခါသမယတွင် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသောခေတ်ကာလကိုရရှိအောင် စွမ်းဆောင်ပေးခဲ့သော သူရိယစန္ဒာမင်း မွေးဖွားခဲ့သည့် တပေါင်းလပြည့်နေ့အား ပအိုဝ်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ) အဖြစ် သတ်မှတ်ခဲ့ကြကာ ထိုမင်း၏ ကျေးဇူးတရားများကို အောက်မေ့သောအားဖြင့် ၁၉၄၉ ခုနှစ် (ကောဇာသက္ကရာဇ်-၁၃၁၀ ခုနှစ်၊ တပေါင်းလပြည့်နေ့) မှစတင်၍ နှစ်စဥ်နှစ်တိုင်းကျင်းပလာခဲ့ကြပါသည်။ ထို့အပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသော ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ၊ ဂုဏ်ဝိသေသကြန်အင်လက္ခဏာ၊ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများအား ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ရန်ရည်ရွယ်လျက် ကျင်းပခြင်းလည်းဖြစ်ရာ ယနေ့တွင် (၇၆) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
၃။ ပအိုဝ်းတိုင်းရင်းသားတို့သည် စစ်အာဏာရှင်ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ကျရာအခန်းကဏ္ဍမှပါဝင်လျက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိပါသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော အထောက်အပံ့အင်အားတစ်ရပ်လည်း ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပအိုဝ်းတိုင်းရင်းသားများအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှုတို့ အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် စစ်အာဏာရှင်စနစ်နှင့်အတူ အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးတွင် အခြားသော တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို အခြေတည်၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အခိုင်အမာ ယုံကြည်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ စည်းလုံးညီညွတ်မှုသည် တိုင်းပြည်၏ အနာဂတ်အတွက် အဓိက သော့ချက်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှသာ လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရသော စိန်ခေါ်မှု အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲမှုများကို တိုင်းရင်းသားပြည်သူတစ်ဦးတစ်ယောက်ချင်း၏ တော်လှန်အသိ၊ တော်လှန်သတိ၊ တော်လှန်ဝီရိယတို့နှင့်အတူ ကျော်ဖြတ်နိုင်ရန် အထူးအရေးကြီးပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပအိုဝ်းတိုင်းရင်းသားများအပါအဝင် အားလုံးသော မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ စုစည်းညီညွတ်စွာ အတူတကွ ရပ်တည်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


