Home / (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၁။           ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နယ်ချဲ့ဖဆပလအစိုးရ၏ လုပ်ကြံမှုကြောင့် ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၊ ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ကျဆုံးခဲ့သောနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသားအာဇာနည်နေ့အား နှစ်စဥ် ကျင်းပဂုဏ်ပြုခဲ့သည်မှာ ယနေ့ တွင် စိန်ရတု (၇၅) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကရင်နီတိုင်းရင်းသားများအားလုံးနှင့်အတူ မိမိတို့ အနေဖြင့် ခေတ်အဆက်ဆက် အသက်ခန္ဓာဉာဏအားတို့ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင်နီ အာဇာနည်သူရဲကောင်းအပေါင်းတို့အား အစဥ်ထာ၀ရလေးစားလျက် အောက်မေ့သတိရပါကြောင်း ဖော်ပြလိုပါသည်။

၂။              ယနေ့သည် နယ်ချဲ့ဖဆပလအစိုးရ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ကြရသော ကရင်နီပြည်၏ သီးခြားလွတ်လပ်ခွင့် ပြန်လည်ရရှိရေးအတွက် ခုခံတိုက်ပွဲဝင်ခဲ့ကြသည့်အချိန်မှစ၍ ယခုနွေဦးတော်လှန်ရေးကာလအထိ အသက်၊ သွေး၊ ချွေး၊ ကာယအား၊ ဉာဏအားတို့ ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်အပေါင်းတို့အား ကရင်နီပြည်သူတစ်ရပ် လုံးက အောက်မေ့သတိရလျက် လေးစားဦးညွှတ်ဂါရဝပြု၍ ဂုဏ်ယူစွာကျင်းပပြုလုပ်သည့် နေ့ထူး နေ့မြတ်လည်း ဖြစ်ပါသည်။

၃။              မိမိတို့နိုင်ငံ၌ သမိုင်းတလျှောက်လုံးတွင် အာဏာရှင်အဆက်ဆက်တို့သည် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ လွတ်လပ်မှုနှင့်တန်းတူမှု စံနှုန်းတန်ဖိုးများအား လက်နက်အားကိုး၍ သွေးခွဲ ဖျက်ဆီးကာ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုလုပ်ဆောင်ခဲ့ကြသည့်အတွက် တိုင်းရင်းသား အားလုံးတို့၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ကြရပြီး ဖိနှိပ်မှုများစွာဖြင့် ရှင်သန်နေထိုင် ခဲ့ကြရပါသည်။ ယခုနွေဦးတော်လှန်ရေးတွင် ကရင်နီတိုင်းရင်းသားတို့အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများသည် နိုင်ငံရေးနှင့်တော်လှန်ရေး အသိ၊ သတိတို့ ပိုမိုရှင်သန်လာကြကာ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အရှိန်အဟုန်ကောင်းစွာ စုစည်းကျစ်လစ်မှု ခိုင်မာစွာဖြင့် ခုခံတော်လှန်နေသည်သာမက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဥ်များကိုလည်း လက်တွေ့ကျကျ ဖော်ဆောင်နေသည့်အတွက် လွန်စွာ ဂုဏ်ယူအားတက် ရသည်ကို ဖော်ပြလိုပါသည်။

၄။           အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အကြီးမားဆုံးနှင့် အမွန်မြတ်ဆုံးသော ပေးဆပ် အနစ်နာခံမှုများအား တန်ဖိုးထားလေးစားလျက် မပြီးပြတ်သေးသော သမိုင်းပေးတာဝန်များအား မိမိတို့ ဒီမိုကရေစီခရီးဖော်များအနေဖြင့် စည်းလုံးခိုင်မာသောညီညွတ်မှုအားအင်ဖြင့်  အောင်မြင်မှု အသီးအပွင့်များ လက်ဝယ်ပိုင်ဆိုင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်သွားကြပါစို့ဟု တိုက်တွန်းလျက် ဤ (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သဝဏ်လွှာ အား လေးစားစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top