Home / (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

၁။           ချင်းလူမျိုးများသည် မိမိတို့ကိုယ်ပိုင်ယဥ်ကျေးမှု၊ စာပေနှင့် ကိုယ်ပိုင်ဓလေ့ထုံးတမ်းများကို တန်ဖိုးထားလေးစားသူများဖြစ်ပြီး မတူကွဲပြားမှုများရှိသော်လည်း ညှိနှိုင်းအဖြေရှာ ဆွေးနွေးမှုများ ဖြင့် စည်းလုံးမှုကို တည်ဆောက်နိုင်ခဲ့ကြသည့် လေးစားထိုက်သော သမိုင်းမှတ်တမ်း ပိုင်ရှင်များ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းဝိသေသတိုင်း စတင်ပေါ်ပေါက်ခဲ့သော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အား ချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့သည်မှာ ယခုဆိုလျှင် (၇၆)နှစ်မြောက် စိန်ရတုနှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ဤ နေ့ထူးနေ့မြတ်အခါသမယတွင် စစ်အာဏာရှင်စနစ်ဆိုးအား မြန်မာ့မြေပေါ်မှအပြီးတိုင် ချုပ်ငြိမ်း ကွယ်ပျောက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲ၍ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် လျက်ရှိကြသော ပြည်တွင်း၊ ပြည်ပမှ ချင်းသွေးချင်းညီအစ်ကိုမောင်နှမများအားလုံးကို ဂုဏ်ယူ လေးစားရပါကြောင်း ဖော်ပြအပ်ပါသည်။

၂။            ယခုအချိန်ကာလသည် အာဏာသိမ်းစစ်အာဏာရှင်တစ်စုနှင့် ကျင့်ဝတ်သိက္ခာ ကင်းမဲ့ နေသော ၎င်းတို့၏ လက်အောက်ခံတပ်သားများသည် အာဏာသိမ်းယူမှုကို အကြမ်းမဖက် ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားများစွာအပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ရက်စက်စွာဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ်ကို ဖျက်ဆီးခြင်း၊ အလွန်အကျွံစစ်အင်အားဖြင့် ထိုးစစ်ဆင်ခြင်းနှင့် ပြည်သူတို့၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း အစရှိသည်တို့ကို နေ့စဉ်ရက်ဆက် ကျုးလွန်လျက်ရှိပြီး ချင်းလူမျိုးများအပါအဝင် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်လည်းဖြစ်ပါသည်။

၃။           အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ် ၍ နိုင်ငံတကာအသိုင်းအဝိုင်းကို လိမ်ညာလှည့်စားနိုင်ရန် နိုင်ငံရေးထွက်ပေါက်အဖြစ် အတု အယောင်ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်အာဏာကို ဆက်လက်ရယူနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ယင်းလုပ်ရပ်မှာ ဒီမိုကရေစီမျက်နှာဖုံးစွပ်ဖြင့် အာဏာရှင်စနစ်ကို ဆက်လက်သက်ဆိုး ရှည်စေမည်ဖြစ်ပြီး မြန်မာပြည်သူလူထုတိုင်းရင်းသားတို့အား စစ်ကျွန်ပြုမှုအောက်ကျရောက် စေလျက် နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်များ ဆိတ်သုဉ်းသွားမည်ကို သတိပြုရပါမည်။

၄။           သို့ပါ၍ အာဏာရှင်စနစ်ဆိုးအား တွန်းလှန်တိုက်ထုတ်နေကြသည့် ယခုနွေဦး တော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်ရည်မှန်းကာ မုချ အောင်ပွဲ ဆင်နွှဲနိုင်မည်ဟု မိမိတို့အခိုင်အမာ ယုံကြည်ပါသည်။ ယခု (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့မှ စ၍ ချင်းအမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ဆင်နွှဲလျက်ရှိသော အမျိုးသားလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းမှုများအားလုံး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top