Home / (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့ သဝဏ်လွှာ

(၅၇) နှစ်မြောက် ကယောအမျိုးသားနေ့ သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်

၁။ ယနေ့ကျရောက်သော (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့ နေ့ထူးနေ့မြတ်ကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကယောတိုင်းရင်းသားများနှင့် အတူ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ကယောတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဘေးကင်းပျော်ရွှင်သော အမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂။ ကယောအမျိုးသားနေ့သည် မြန်မာ့သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ပါသည်။ ကယောတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေ အနှစ်များကို ပြန်လည်အောက်မေ့ သတိရစေသော နေ့လည်း ဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကျင်းပလာခဲ့ကြပါသည်။ ပရဲအမည်နာမမှ ကယောဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့သည့်နေ့ ၁၉၆၈ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ကို ကယောအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြရာ ယနေ့အချိန် တွင် (၅၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။ ကယောတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် ရဲစွမ်းသတ္တိအပြည့်ဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုတို့အတွက် တိုက်ပွဲ ဝင်ခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။ ကယောတိုင်းရင်းသားများ၏ ခိုင်မာသည့် စိတ်ဓာတ်၊ ပြတ်သားသည့် ရည်မှန်းချက်တို့ဖြင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေကြပုံမှာ အတုယူ လေးစားဖွယ်ကောင်းလှပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ ခရီးလမ်းတွင် စစ်အာဏာရှင်များကို တွန်းလှန်ရင်း အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြရသော ကယောတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည် သူရဲကောင်းရဲဘော်အပေါင်းတို့ အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။ တိုင်းရင်းသားပြည်သူများသည် နှစ်ပေါင်းများစွာကြာ စစ်အာဏာရှင်စနစ်ဆိုးအောက် တွင် ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ကြရပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရပါသည်။ စစ်အာဏာရှင်စနစ်ဆိုးကို အဆုံးသတ်နိုင်မှသာ တိုင်းရင်းသားပြည်သူတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်မည့် အခွင့်အရေး များအပြည့်အဝ ရရှိလာနိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူများ၏ စုစည်းညီညွတ်မှုနှင့် မဆုတ်မနစ်ကြိုးပမ်းမှုတို့ဖြင့်သာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်ပြီး မိမိတို့အားလုံး၏ ပေးဆပ်မှု၊ စွန့်လွှတ်မှုနှင့် အနစ်နာခံမှုတို့ကသာ အနာဂတ် မျိုးဆက်သစ်လူငယ်တို့ကို စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ ကယ်တင်ပေးနိုင်မည်ဖြစ်ပေ သည်။ တော်လှန်ရေးအင်အားစုများအားလုံးအနေဖြင့် စုစည်းညီညွတ်မှုအင်အားကို မလျော့သော ဇွဲဖြင့် ထိန်းသိမ်းကာကွယ်ပြီး ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အဆုံးသတ် ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့၏ မတူကွဲပြားမှုကို အားသာချက်အဖြစ်ပြောင်းလဲပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူ ညီမျှမှုတို့ အပြည့်အဝပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်း ချက်ပန်းတိုင်ကို အားလုံးနှင့်အတူ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။ ကယောတိုင်းရင်းသားများ၏ ဘိုးဘွား ဘီဘင်များ ထိန်းသိမ်း စောင့်ရှောက်ခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်း၍ စစ်မက်ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအားထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top