Home / (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ သဝဏ်လွှာ

(၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်

၁။ ယနေ့ကျရောက်သည့် (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ အချိန်အခါသမယတွင် ပြည်တွင်းပြည်ပတွင် နေထိုင်လျက်ရှိသော ကယောတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသား ပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနှင့် ကျန်းမာသုခပြည့်ဝ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ကယောတိုင်းရင်းသားများသည် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဥ်ကျေးမှု ဓလေ့ထုံးထမ်းများဖြင့် အစဉ်အလာကြီးမားသော လူမျိုးများဖြစ်သည်နှင့်အညီ ကိုယ်စီထားရှိကြသော လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်တို့ကို ဝံ့ဝံ့ကြွားကြွား ထိန်းသိမ်းတန်ဖိုးထားကြသူများ ဖြစ်ပါသည်။ ကယောလူမျိုးများ၏မူလအမည်နာမ ပြန်လည်ရရှိစေရန် ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် တောင်းဆို ဖော်ထုတ်ခဲ့ကြသည့် ၁၉၆၈ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့အား ကယောအမျိုးသားနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြရာ ယနေ့တွင် (၅၆) နှစ်တိုင်ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက် ရပါကြောင်း ဖော်ပြလိုပါသည်။

၃။ ကယောတိုင်းရင်းသားများအားလုံးနှင့်အတူ အခြားသော ညီနောင်တိုင်းရင်းသားပြည်သူ များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိမ်မက်အား နှစ်ပေါင်းများစွာမျှော်လင့်တောင့်တ ခဲ့သော်လည်း မရရှိခဲ့ကာ ယနေ့နွေဦးတော်လှန်ရေးကာလသည်သာ မိမိတို့၏အိမ်မက်များအား လက်တွေ့ကျကျတည်ဆောက်နိုင်မည့် အချိန်အခါကောင်းတစ်ရပ်ဖြစ်ပါသည်။ အဆိုပါအချိန်ကောင်းကို အမိအရဆုပ်ကိုင်ကာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတွင် ကယောတိုင်းရင်းသားများအနေဖြင့် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းလိုပါသည်။ ခေတ်အဆက်ဆက်၊ အရေးတော်ပုံအဆက်ဆက်နှင့် ယနေ့နွေဦးတော်လှန်ရေး တွင်ကျဆုံးခဲ့ကြသော ကယောတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာခရီးလမ်းတွင် ကြုံတွေ့လာမည့် မည့်သည့်အခက်အခဲကိုမဆို ကယောတိုင်းရင်းသားများအနေဖြင့် ခိုင်မာသည့် စိတ်ဓာတ်၊ မလျော့သောဇွဲ၊ တိုင်းပြည်နှင့်လူမျိုးအပေါ် စစ်မှန်သည့် ချစ်မြတ်နိုးသည့်စိတ်ဓာတ်တို့ ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ကို အကြွင်းမဲ့ ယုံကြည်လျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top