Home / ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်

၁။ နိုင်ငံတော်တွင် တိုင်းပြည်နှင့် ပြည်သူအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်း တည်ထောင်ထားသည့် တပ်မတော်သည် အကြမ်းဖက်စစ်တပ်အသွင်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏အာဏာကို မတရားသိမ်းယူခဲ့သည့်အပြင် တရားမဝင် အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ပြည်သူလူထုအား အကြမ်းဖက်မှုများဖြင့် ဖမ်းဆီးသတ်ဖြတ်မှု များကို ကျူးလွန်လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ၎င်းအကြမ်းဖက်စစ်တပ်က ဖွဲ့စည်းထားသည့် တရားမဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ချိန်တည်းတွင် တရားဝင်ပြည်သူ့အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တစ်ရပ် လိုအပ်လာသည့်အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၄) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ဤလေးနှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည် ထက်မြက်သည်ဆိုသော လက်အောက်ခံ တပ်ရင်း များကိုပါ အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ပြီး ပြည်သူက ယုံကြည်အားကိုးလေးစားရသော ပြည်သူ့ တပ်မတော်အဖြစ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါသည်။

၃။ လက်ရှိနွေဦးတော်လှန်ရေးကြီး၏ ရရှိပိုင်ဆိုင်ခဲ့သည့် အောင်မြင်မှုများတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ ကြိုးပမ်းအားထုတ်မှုများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်နိုင်မှု၊ ရဲရင့်ပြတ်သားမှုများ၊ အရည်အချင်းပြည့်ဝမှုတို့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် တန်ဖိုးထားအသိအမှတ်ပြုပါသည်။ နွေဦးတော်လှန်ရေးခရီးလမ်း တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေများသည် အသက်နှင့် ခန္ဓာတို့ ပေးဆပ်ခဲ့ကြပြီး ၎င်းတို့၏ သူရဲကောင်းဆန်သော စွန့်လွှတ်အနစ်နာခံမှုများကပင် စစ်အာဏာရှင်များနှင့် ယင်းတို့၏ လက်အောက်ခံ အကြမ်းဖက်တပ်ဖွဲ့ဝင်များကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး အောင်မြင်မှုများစွာကို ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အင်အားစုအသီးသီး၏ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွင် လွှတ်တော်ကဏ္ဍမှ ကြိုးပမ်းနေသကဲ့သို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များစွာသည်လည်း မြေပြင်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်အပါအဝင် အင်အားစုအသီးသီးနှင့် လက်တွဲလျက် ကျရာကဏ္ဍများတွင် တော်လှန်ရေး တာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။ ယခုကဲ့သို့ အပြန်အလှန်အသိအမှတ်ပြုမှု၊ လက်တွဲ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မိမိတို့၏ ရည်မှန်းချက်များကို အချိန်တိုတိုအတွင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။

၅။ နွေဦးတော်လှန်ရေး (၄) နှစ်တာကာလအတွင်း တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ အသက် ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုပါကြောင်းနှင့် စစ်အာဏာရှင်များလက်အောက်မှ တိုင်းပြည်နှင့် ပြည်သူအား ကယ်တင်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် ဘေးရန် ကင်းရှင်းပြီး အောင်ပွဲအလီလီကို ဆက်လက်ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ (၄) နှစ်ပြည့် နေ့ထူးနေ့မြတ်အချိန်တွင် လေးနက်စွာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top