၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်
၁။ ယနေ့ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် နေ့ထူးနေ့မြတ်တွင် ပြည်သူပြည်သားတို့မှ ပေါက်ဖွားလာသော ပြည်သူ့ရဲဘော်ရဲဘက် သူရဲကောင်းများနှင့် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားများအားလုံး ကျန်းမာသုခပြည့်ဝပါစေကြောင်းနှင့် နွေဦးတော်လှန်ရေးခရီးလမ်း၏ အောင်မြင်မှုပန်းတိုင်ဆီသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေ ကြောင်း ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အား ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး (၃) နှစ် တာကာလတွင် ပြည်သူ့ကာကွယ်ရေးတပ်သားအားလုံး၏ ပြင်းထန်သည့် ဇွဲ၊ သတ္တိ၊ လုံ့လဝီရိယတို့ အခြေတည် လျက် စုဖွဲ့မှုစနစ်တကျဖြင့် စစ်အာဏာရှင်စနစ်ဆိုးအား တွန်းလှန်တိုက်ထုတ်နိုင်ရန် ယနေ့အချိန်ထိ ကြိုးစားဖွဲ့စည်းတည်ဆောက်နိုင်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း ဖော်ပြလိုပါသည်။
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မြန်မာပြည်သူတစ်ရပ်လုံးနှင့် အတူတကွ ရဲရင့်စွာ ရပ်တည်လျက် ကာကွယ်ရေးတပ်သားများသည် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါများ စတေးကာ ပေးဆပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူများအတွက် အားတက်ဖွယ်ရာ တိုက်ပွဲအောင်မြင် မှုများ ယူဆောင်ပေးသည့်အတွက်လည်း ပြည်သူများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ရပါသည်။ ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများနှင့် လက်ရှိနွေဦးတော်လှန်ရေးကြီးတွင် မြင့်မြတ်စွာ အသက်သေဆုံးကာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူ့အာဇာနည်သူရဲကောင်းအပေါင်းတို့အား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုပါသည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည် တည်တံ့ခိုင်မာ၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝ ရရှိခံစားနိုင် မည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတွင် ပြည်သူပြည်သားများအားလုံးနှင့်အတူ ပြည်သူများ၏ အကျိုးအတွက် ဆက်လက်ကြိုးစား ထမ်းရွက်သွားနိုင်ပါစေကြောင်းနှင့် ညီနောင် တော်လှန်ရေးတပ်တော်များ၊ အဖွဲ့အစည်းများနှင့်အတူ စုစည်းညီညွတ်စွာ ရှေ့ဆက်လျှောက်လှမ်း သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


