Home / အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရတစ်ရပ်၏ အသွင်သဏ္ဍာန်အား ကြိုးစား ထုဆစ်ပုံဖော်လျက် ပြည်သူ့အကျိုးအတွက် မျှော်ရည်ကြိုးစားလုပ်ဆောင်ခဲ့သည်မှာ ယနေ့တွင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင် မှု၊ ညီညွတ်မှု၊ စုစည်းမှုအင်အားတို့အား တန်ဖိုးထားကာ ပြည်သူနှင့်အတူ တသားတည်း ရပ်တည် လျက် နွေဦးတော်လှန်ရေးကာလတွင် တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက် နေသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ဖော်ပြလိုပါသည်။

၂။ ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်ချက်၊ မျှော်လင့်ချက်တို့အား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအား စတင်ဖွဲ့စည်းပြီးချိန်မှ စ၍ (၃) နှစ်တာကာလတွင် အစိုးရတစ်ရပ်၏ လုပ်ငန်းစဥ်များအား အကောင်အထည် ဖော်ဆောင် ရာတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်သောဖိနှိပ်မှုများ၊ လုပ်ကြံမှုများအကြား မိမိတို့၏ အရပ်သား ပြည်သူတို့အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အစီအမံများ ရေးဆွဲချမှတ်လုပ်ဆောင်ကြရသည် ဖြစ်ကာ လိုအပ်ချက်များစွာနှင့်အတူ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ဖြေရှင်းကြရသည်ကို သိရှိနားလည်ပါသည်။ ယင်းစိန်ခေါ်မှု၊ အခက်အခဲများအား တစ်ဆင့်ချင်း ကျော်ဖြတ်ကာ အာဏာရှင် စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးတို့အတွက် ကြိုးစား ဆောင် ရွက်နေသည်ကို အသိအမှတ်ပြုလျက် ပြည်သူများကိုယ်စား ထိန်းညှိခြင်း၊ အကြံပြုပူးပေါင်း ဆောင်ရွက်မှုများဖြင့် တော်လှန်ရေးအတွက် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ထို့အပြင် လွှတ်တော်နှင့်အစိုးရတို့ကြား လိုအပ်သော ပူးပေါင်းချိတ်ဆက်မှုများ၊ အစီရင်ခံ တင်ပြခြင်းများအား ယခု (၃) နှစ်တာကာလအတွင်း အကောင်အထည် ဖော်ဆောင်နိုင်ခဲ့မှုအတွက် လည်း မှတ်တမ်းတင်ဖော်ပြလိုပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ပင်မကျောရိုးမဏ္ဍိုင်ဖြစ်သည့် အစိုးရ တစ်ရပ်သည် ယင်းနိုင်ငံအတွင်း မှီတင်းနေထိုင်သော နိုင်ငံသားများအတွက် နိုင်ငံသားပီသစွာ လူ့အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ကြိုးစားစွမ်းဆောင်ကြရမည်ဖြစ်ကာ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ရှေ့ဆက်မည့် လုပ်ငန်းတာဝန်များတွင်လည်း ပြည်သူတို့၏ ဝန်ကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်နိုင်ပါစေကြောင်းနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပြည့်ဝကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၄။ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် အရင်းခံပြဿနာများသည် အာဏာရှင် စနစ်ဆိုးမှ ပေါက်ဖွားလာသော လူတစ်စု၏ အုပ်ချုပ်မှုကြောင့် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ကြကာ ပြည်သူလူထုနှင့် နိုင်ငံတော်တစ်ခုလုံးသည် အဆိုးဝါးဆုံးသော ကာလများတွင် ရှင်သန်ကြီးပြင်း ခဲ့ကြရပါသည်။ ယနေ့နွေဦးတော်လှန်ရေးကြီးသည် ခေတ်အဆက်ဆက်၏ အာဏာရှင်စနစ်ဆိုးအား တွန်းလှန်အမြစ်ဖြတ်နိုင်မည့် တစ်ခုတည်းသော ပြည်သူ့စွမ်းအားလက်နက်ဖြစ်ပါသည်။ အဘက် ဘက်မှ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်တော်လှန်နေသည့် ပြည်သူ့အားဖြင့် အရှိန်အဟုန် ကောင်းစွာ ရှေ့ဆက်ချီတက်လျက် မဝေးသောကာလတွင် မိမိတို့အားလုံး၏ တူညီသောပန်းတိုင် ဆီသို့ အရောက်သွားနိုင်မည်ကိုလည်း ယုံကြည်ပါသည်။

၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုး အား အမြစ်ဖြတ်ကာ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ရေးအတွက် အပြန်အလှန်အသိအမှတ်ပြု လေးစားမှု၊ ချစ်ခင်ရိုင်းပင်းမှု၊ သွေးစည်း ညီညွတ်မှုတို့အား အရင်းတည်လျက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် ဆက်လက် ကြိုးစားတည်ဆောက်သွားမည်ဖြစ်ပါကြောင်း ခိုင်မာစွာ ကတိပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ်နေ့ တွင် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top