၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် ခိုင်မာသော နိုင်ငံရေး ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ဖြင့် (၃၈) နှစ်တာကာလတစ်လျှောက် တွင် အခက်အခဲ၊ စိန်ခေါ်မှုများအကြား အောင်မြင်စွာ ကြိုးစားရုန်းကန်ရပ်တည်လာနိုင်ခဲ့ခြင်း အတွက် ယနေ့ကျရောက်သည့် ဖွဲ့စည်းတည်ထောင်ခြင်း (၃၈) နှစ်ပြည့် နေ့ထူးနေ့မြတ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
၂။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သည့် ABSDF သည် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲတွင် ကျောင်းသားလူငယ်များ၏ နိုင်ငံရေး ခံယူချက်၊ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးစိတ်ဓာတ်တို့ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် ABSDF ၏ ရပ်တည်ချက်နှင့် ကြိုးပမ်းအားထုတ်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
၃။ ယနေ့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ကြိုးပမ်းရုန်းကန်နေကြရသည့် အရေးကြီးသော သမိုင်းအချိုးအကွေ့တစ်ခုကို ဖြတ်သန်းနေရပါသည်။ ဤကာလတွင် ကျောင်းသားလူငယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေရန် အထူးလိုအပ်လျက်ရှိပါသည်။
၄။ ယနေ့အချိန်ထိတိုင်အောင် ABSDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မဟာမိတ်အင်အားစုများနှင့် အတူတကွ လက်တွဲကြိုးပမ်းနေသည့်အတွက် မိမိတို့ များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြလိုပါသည်။ ပြည်သူလူထုအကျိုးအတွက် အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်ရင်း တော်လှန်ရေးခရီးလမ်းခုလတ်တွင် ကျဆုံးခဲ့ကြရသော တပ်ဦး၏ ခေါင်းဆောင်ကြီးများနှင့်ရဲဘော်ရဲဘက်များကိုလည်း မိမိတို့အနေဖြင့် လေးစားစွာ ဦးညွှတ်လျက် အလေးအမြတ် ပြုအပ်ပါသည်။ မတူကွဲပြားသော ဖြတ်သန်းမှုအတွေ့အကြုံများရှိသည့် အင်အားစုများအကြား ဘုံရည်မှန်းချက်များအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်ခြင်းသည် အောင်မြင်သော နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ယုံကြည်ပါသည်။
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် စတင်ဖွဲ့စည်းချိန်မှစ၍ “ရဲဘော်တို့သွေး မစတေးနဲ့၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်” ဆိုသည့်ဆောင်ပုဒ်နှင့်အတူ ရဲဘော်ရဲဘက်စိတ်အပြည့်အဝဖြင့် စနစ်တကျ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ယနေ့အချိန်ထိတိုင် ခိုင်ခိုင်မာမာ တည်ရှိနေနိုင်ခြင်းဖြစ်ပါသည်။ ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၈) နှစ်ပြည့်မှစ၍ အဖွဲ့အစည်း၏ သမိုင်းအစဉ်အလာနှင့် တော်လှန်ရေးစိတ်ဓာတ်များကို ဆက်လက်ထိန်းသိမ်းကာ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းတောင့်တနေသည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


