Home / (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့သဝဏ်လွှာ

(၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်

၁။ ယနေ့ကျရောက်သည့် (၂၅) နှစ်မြောက် ကယန်းအမျိုးသားနေ့ အချိန်အခါသမယတွင် ကယန်းတိုင်းရင်းသားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကာ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ ထွန်းကားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားအင်အပြည့်ဖြင့် ဆက်လက်ချီတက်လျှောက်လှမ်းသွားနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈၊ ၉၊ ၁၀) ရက်နေ့များတွင် ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါနှင့် ကယန်းကခေါင်းတို့မှ ခေါင်းဆောင်ကြီးများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကယန်းလူမျိုးဆရာတော်ကြီးများ၊ ကယန်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင် များသည် စုပေါင်းညှိနှိုင်းတိုင်ပင်လျက် ကယန်းတစ်မျိုးသားလုံးအတွက် ညီလာခံတစ်ရပ် ဦးဆောင် ကျင်းပနိုင်ခဲ့ကြပါသည်။ ကယန်းအမျိုးသားအလံတော်အောက်တွင် ကယန်းအမျိုးသားများ တစ်စု တစည်းတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့သည့်အတွက် စုစည်းမှုအောင်ပွဲရလဒ်အနေဖြင့် ဧပြီလ ၁၀ ရက်နေ့အား ကယန်းအမျိုးသားနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုကျင်းပလာခဲ့ခြင်းဖြစ်ကာ ယနေ့ တွင် (၂၅) နှစ်တာ ခရီးလမ်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၃။ ကယန်းတိုင်းရင်းသားများသည် သမိုင်းစဉ်တစ်လျှောက်တွင် နည်းလမ်းမျိုးစုံဖြင့် ဒီမိုကရေစီတိုက်ပွဲများတွင် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ကယန်းတိုင်းရင်းသားများသည် ရဲရင့်သော အမျိုးသားရေးစိတ်ဓာတ်များနှင့် စည်းလုံးညီညွတ်မှုတို့ကို ပြသကာ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေသကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ရန် တိုက်ပွဲဝင်လျက်ရှိပါသည်။ ကယန်းတိုင်းရင်းသားများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုခိုင်မာအားကောင်း၍ ရည်မှန်းချက်များ အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ကို အကြွင်းမဲ့ယုံကြည်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ကယန်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်အတူ ကယန်းအာဇာနည်သူရဲကောင်း ရဲဘော်အပေါင်း တို့အား ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၄။ ယခုအချိန်သည် တိုင်းပြည်ပြဿနာအရပ်ရပ်၏ အဓိက အတားအဆီးတစ်ခုဖြစ်သည့် စစ်အာဏာရှင်များကို သမိုင်းတစ်လျှောက် စုစည်းညီညွတ်မှုအကောင်းဆုံးနှင့် အင်အားအကောင်းဆုံး ဆန့်ကျင်တော်လှန်နေချိန်ဖြစ်ပြီး သိသာသောအောင်မြင်မှုများ ရရှိပိုင်ဆိုင်ထားချိန်ဖြစ်ခြင်းကြောင့် တိုင်းရင်းသားပြည်သူအားလုံး၏ တန်းတူညီမျှမှု အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရရှိရေးတို့ကို အာမခံနိုင်သည့် ပြည်ထောင်စုသစ်ကို လက်တွေ့ကျကျ အမြန်ဆုံး ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၅။ တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ထားသည့် အရင်းအနှီး ကြီးသည့် တော်လှန်ရေးဖြစ်သည့်အတွက်ကြောင့် တော်လှန်ရေးအင်အားစုအားလုံးနှင့် အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေ တည်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top